မန္တလေး ၇ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ထာဝရ ငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း သီတင်းသုံးတော်မူကြသော သာသနာ့နွယ်ဝင် သီလရှင်များ၏ အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီသီလရှင် စာသင်တိုက်တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သီလရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြဝတီ သီလရှင်စာသင်တိုက် နာယကဆရာကြီး အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါ်ပညာဝတီ၊ အတွင်းရေးမှူး အနိဃာစာသင်တိုက် နာယကဆရာကြီး ဒေါ်ဥက္ကဋ္ဌဝတီတို့ အမှူးပြုသော စာသင်တိုက် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်သိန်းဦး၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သီလရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြဝတီသီလရှင် စာသင်တိုက် နာယကဆရာကြီး အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါ်ပညာဝတီက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တို့မှ သီလရှင်များ စုပေါင်းလှူဒါန်းသော အလှူငွေ ကျပ်စုစုပေါင်း (၁၅၈)သိန်းကို ပေးအပ်လှူဒါန်းရာ ဒုတိယ ဝန်ကြီး ဦးကြည်မင်းမှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
တင်မောင်-မန်းကိုယ်ပွား



