နေပြည်တော် ၅ နိုဝင်ဘာ
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ အပူဇော်ခံထားရှိသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ရွှေပြည်သာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာဂိတ အမှူးပြုသော ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်သွားမည် ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် ကမ္ဘာအေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီအထိ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး


