၂၉ ဇွန်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၅ ရက်အထိ ငါးရက်ကြာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံသူ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသော လိုအင်ဆန္ဒများတွင် အဓိကကျသည့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ခရီးလုပ်ငန်းစဉ် မကြာခင် စတင်တော့မည်ဖြစ်၍ အတိုင်းမသိ ဝမ်းမြောက်မိကြမည်ဖြစ်သည်။
ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အဓိကလိုအပ်ချက်မှာ ညီညွတ်သော စုပေါင်းအင်အားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်နေ့တွင် “ကျွန်မတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက် ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ။ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားလာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးစေဖို့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုက အခြေခံ အုတ်မြစ်ပါ။ ဒီအုတ်မြစ်ကို စုပေါင်းအင်အားနဲ့ ခိုင်မာအောင် ဆောက်တည်နိုင်ပါတယ်”ဟု ပြောကြားထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို တတိယအကြိမ် ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရမှုများမှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများကို အကြိမ်ကြိမ်ကျင်းပ၍ ကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက်၊ လူပုဂ္ဂိုလ်အလိုက် စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာကာ ဘုံသဘောတူညီချက်များ ရွေးထုတ်၍ ငြိမ်းချမ်းရေး ခရီးကို အဆင့်ဆင့် တက်လှမ်းခဲ့ရခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ရသည်။ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီး တိုင်းရင်းသားများ၏ လိုလားချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြရသည်။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့ကို လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးကြသည်။ တိုင်းရင်းသားလူနည်းစု အခွင့်အရေးပါမကျန် ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်ဆွေးနွေးကြရသည်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာ၌ သုံးနားညီ တွေ့ဆုံဆွေးနွေးကြသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် တစ်နား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်နားနှင့် နိုင်ငံရေးပါတီ တစ်နား ဆွေးနွေးကြသည်။ နားလည်မှုတည်ဆောက်ပြီး ဆွေးနွေးအဆိုပြုချက်များမှ အခြေခံမူများပေါ်ထွက်လာအောင် ကြိုးပမ်းအားထုတ် နေကြသည်။ ကျင်းပပြီးခဲ့သည့် ညီလာခံတွင် ရလဒ်ကောင်းများ အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသောအချက်များအား ကျင်းပတော့မည့် ညီလာခံတွင် ဆက်လက်ဆွေးနွေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများသည် သိမ်မွေ့နက်နဲ ခက်ခဲကျယ်ပြန့်လှသော်လည်း ညီညီညွတ်ညွတ် အားပြုဆောင်ရွက်နေကြသည်မှာ အားတက်ဖွယ်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်းပြည်ထောင်စုကြီးအား ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံပြီး တည်ထောင်ရန် သဘောတူထားကြပြီးဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ လိုလားသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အတွက် အဓိကကျသည့် တိုင်းရင်းသားပြည်သူများ၏ ညီညွတ်သော စုပေါင်းအားဖြင့် ငြိမ်းချမ်းရေးခရီးလမ်းကို အောင်မြင်စွာ ဆက်လက်တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။