နေပြည်တော် ဇွန် ၁၇

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတုကာလသို့ ရောက်မည်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည်မှာ ၇၅ နှစ်ကြာပြီဖြစ်သော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ ပြည့်ပြည့်ဝဝ မခံစားကြရသေးပေ။ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထက်တိုင်အောင် ဖြစ်ပွားလျက်ရှိသဖြင့် မငြိမ်းချမ်းခြင်း၏ ဆိုးမွေများကို တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။


နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်   ပြည်သူတစ်ရပ်လုံး  လိုလား တောင့်တလျက်ရှိသည့်  ထာဝရငြိမ်းချမ်းရေး  ရရှိရန်ဦးတည်၍   ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်။   ၂၀၂၂ ခုနှစ်   ဧပြီလ  ၂၂  ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဥက္ကဋ္ဌ/ ခေါင်းဆောင်ဦးစီး အဖွဲ့ဝင် နှစ်ဦး တို့နှင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်း ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့က ပြည်ထောင်စုအကျိုး၊ ဒေသအကျိုး ကိုဆောင်ရွက်လိုသည့် စိတ်ဆန္ဒများဖြင့်   လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး  တစ်ဖွဲ့ချင်းစီအလိုက်  ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနေပြီဖြစ်သည်။


ဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့်  ပါတီစုံဒီမိုကရေစီစနစ်   ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံများ၏ လူမှုစီးပွားမြှင့်တင်ရေးနှင့် ဒေသတစ်ခုချင်းမှ အစပြု၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စုပေါင်းနေထိုင်လျက်ရှိသည့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရိုးသားပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့်၊ ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုရလဒ်များကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့သည်။ 


ဆက်လက်၍ တွေ့ဆုံဆွေးနွေးရန်ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပြီး ပြည်ထောင်စုကြီးတစ်ရပ်လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးကို  ဦးတည် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်နိုင်ရန်      အစဉ်အမြဲတံခါးဖွင့် ကြိုဆိုလျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA တွင် လက်မှတ် ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးခြင်းမရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသ အကျိုးကိုကြည့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်ရန် ဇွန်လ ၁၄ ရက်နေ့၌ ထပ်မံဖိတ်ခေါ်ခဲ့သည်။


နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကောင်းမွန်တိုးတက်မှသာ တိုင်းရင်းသားပြည်သူများ၏ဘဝ  မြင့်မားတိုးတက်ရေးကို  ဖော်ဆောင်နိုင်မည် ဖြစ်သည်။   တိုင်းရင်းသားပြည်သူများအကျိုးကို    ဖော်ဆောင်နိုင်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပြီး  တည်ငြိမ်အေးချမ်းမှုကို အပြည့်အဝ ရရှိနိုင်ရန် ငြိမ်းချမ်းရေးသည် အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ယခုပြုလုပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေအထားနှင့်ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များကို ပွင့်ပွင့်လင်းလင်း အသေးစိတ် အကျေအလည်ဆွေးနွေးအဖြေရှာလျက်ရှိသည်။
ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှသာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး လွတ်လပ်ရေး၏ အသီးအပွင့်များ၊ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အကျိုးရလဒ်များကို တန်းတူညီမျှခံစားနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းသည့်  ပြည်ထောင်စုနိုင်ငံတော်ကြီးကို   တည်ဆောက်နိုင်ရန်  အတွက် ပြည်ထောင်စုသားအားလုံး၏   အကျိုးကိုရှေ့ရှု၍  ငြိမ်းချမ်းရေးတွင် အားလုံးပူးပေါင်းပါဝင်နိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။        ။

ကြေးမုံ