နေပြည်တော် ၂၂ ဒီဇင်ဘာ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဆွေးနွေးရာ၌ (၂၀၀၈) ခုနှစ်မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ဖြစ်ပေါ်မှု ၂၀၁၃ ခုနှစ်တွင် စီမံကိန်းပုံစံပြောင်းလဲ၍ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းအဖြစ် နယ်နိမိတ်ပိုင်းခြား ဆောင်ရွက်ခဲ့မှု၊ မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့မှု၊ ယခုလတ်တလောကာလ၌ ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအား မြန်မာနိုင်ငံအစိုးရက လက်ခံခဲ့မှု၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ထိုင်းနိုင်ငံနယ်စပ်အထိ နိုင်ငံပိုင်လမ်းအဖြစ် တည်ဆောက်အဆင့်မြှင့်မည့် ၂ လမ်းသွား ကတ္တရာလမ်း ကိစ္စကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်မြောက်ရန် အရေးပါလှသော နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိအောင် မြန်မာအစိုးရက ကြိုးစားစီမံနေမှုကိုလည်းကောင်း ရှင်းလင်းသည်။
ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာမြင့်ဆန်းက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point အသုံးပြု၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းမှုများအား သက်ဆိုင်ရာ ကော်မတီဝင်များက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တာဝန်ရှိသူများ၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


