ကလိန်အောင် ၁၆ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု ရေပုံးကျေးရွာရှိ ကျားသားချောင်းဝအိုင်(လင်တော်အိုင်)၌ ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီက ရေနေသတ္တဝါ ငါး ထိန်းသိမ်းအိုင်၊ ဘေးမဲ့အိုင်အတည်ပြုခြင်းအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ဆက်လက်၍ လယ်ဒိုစိုးမြို့နယ် (KNU) မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံ ဦးစောခို၊ ကံပေါက်ဒေသရှိ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဉယျာဉ်အုပ်ချုပ်ရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သူရနှင့် ရေပုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောအာကာလင်းတို့က ရေနေသတ္တဝါ ငါးထိန်းသိမ်းအိုင်၊ ဘေးမဲ့အိုင်ထိန်းသိမ်းရခြင်းနှင့် ပတ်သက်၍ အကြောင်းအရာများ ကို အသီးသီးအမှာစကားပြောကြားသည်။
ပြီးနောက် ရေပုံးကျေးရွာ ငါးအရင်းအမြစ်ထိန်းသိမ်းရေးကော်မတီ ဉက္ကဌ ဦးသိန်းအောင်က " ကရင်ရိုးရာထုံးတမ်းအစဉ်အလာအရ ထိန်းသိမ်းစောင့်ရှောက်ရေးအယူအဆကို ကျင့်သုံးခြင်းဖြင့် ကရင်ဘဝဓလေ့ကို အသိမှတ်ပြုလာစေရန်အကြောင်း၊ ကျေးလက်လူထုအတွင်း အသုံးချခြင်းနှင့် ထိန်းသိမ်းခြင်းကို မျှမျှတတအသုံးချသည့် အလေ့အကျင့်ဖြစ်ပေါ် လာစေရန်အကြောင်း၊ မြစ်ချောင်းနှင့် သစ်တောအရင်းအမြစ်ကိုထိန်းသိမ်းပြီး ပျက်စီးသွားသောဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာစေရန်အကြောင်း၊ အရည်အသွေးပြည့်မီသော ရေနှင့် ရေအရင်းအမြစ်ကို ထိန်းသိမ်းခြင်းဖြင့် ပြည်သူလူထု၏ လူ့ဘဝအရည်အသွေးမြင့်တက်လာစေရန် " ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ငါးအရင်းအမြစ်ထိန်းသိမ်းရေးကော်မတီ အတွင်းအရေးမှူး ဦးအောင်ဝေက စည်းကမ်းချက်များအကြောင်းကို ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ ရေပုံးကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက် ဆရာတော် သုစိတ်သနှင့် သံဃာတော်(၂)ပါး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဉယျာဉ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လယ်ဒိုစိုးမြို့နယ် (KNU) မွေးမြူးရေးနှင့် ရေလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံ ဦးစောခို၊ ခရစ်ယာန် သိက္ခာတော်ရ ဆရာတော် နိုရာနှင့် ကရင်ရှင်တဘီကျေးရွာမှ ဆရာမ နော်ဖောကူ၊ ထားဝယ်မြို့ မိတ်ဆွေစစ်အဖွဲ့မှ တာဝန်ခံ နော်ဖောရိုစေးနှင့်အဖွဲ့ဝင်များ၊ရေပုံးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ရွာသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဒေါ်မိုးမိုးခိုင် (ကလိန်အောင်)