ထားဝယ် ၂၁ ဧပြီ

 

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီ ၄၅ မိနစ်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီး ရင်ပြင်တော်၌ ကျင်းပသည်။

 

ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က “မေတ္တာလွှမ်းမှငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ ၊အလှူရှင်များနှင့် တိုင်းဒေသ ကြီး အတွင်းရှိ တရားချစ်ခင်သူတော်စင်များက  တရားတော်ကို နာယူကြည်ညို ကြသည်။

 

စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များအား ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များက ပင့်ဆောင်ပူဇော်ကြပြီး တနင်္သာရီတိုင်းဒေသကြီးသို့ရောက်ရှိရာတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လောကမာရဇိန်ဘုရား ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက ထားဝယ်မြို့သို့ ကြိုဆိုပင့်ဆောင်ကြပြီး ဒေသစာရီကြွချီပူဇော်ခံရာ လမ်းကြောင်းတလျှောက်တွင် ပြည်သူအများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော်တည်ထားကိုးကွယ်ရေးအတွက် ရတနာရွှေငွေပစ္စည်းများ လှူဒါန်းကြသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏စုပေါင်းအားဖြင့် တည်ထားကိုးကွယ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွား တော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ဘားအံ၊ ၂၃ ရက်တွင် သထုံ၊ ၂၄ ရက်တွင် ပဲခူး၊  ၂၅ ရက်တွင် ပုသိမ်၊ ၂၆ ရက်တွင် ဟင်္သာတ၊ ၂၇ ရက်တွင် ပြည်၊ ၂၈ ရက်တွင် မကွေး၊ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်ထိ မုံရွာ၊ မေလ ၂ ရက်မှ ၆ ရက်ထိ မန္တလေး၊ မေ ၇ ရက်တွင် ကျောက်ဆည်၊ မေ ၈ ရက်တွင် သဲတော(ဝမ်းတွင်း)၊ မေ ၉ ရက်တွင် တောင်ကြီး၊ မေလ ၁၀ ရက်တွင် လွိုင်ကော်၊ မေ ၁၁ ရက်တွင် တောင်ငူ၊ မေ၁၂ ရက်မှ ၁၈ ရက်ထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ဒေသစာရီကြွချီပူဇော်ခံရာ ခရီးစဉ်တစ်လျှောက်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ငြိမ်းချမ်းရေးတရားတော်များ ဟောကြား ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

(ဟန်လင်းနိုင်)  

 

14.jp