ထားဝယ် ၁၈ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် (၁၇) ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် စစ်ကိုင်းသီတဂူ ဇီဝိတဒါန ဆေးရုံအုပ်ကြီး ၊ ဒေါက်တာ ခင်မောင်ဇော်၊ ခွဲစိတ်အထူးကုသမားတော်ကြီး ဒေါက်တာမြသိန်းဟန် အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ Aloha Medical Mission အဖွဲ့မှ Dr.Carl Lum ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဦးဆောင်သော(၁၇)ဦးအဖွဲ့၊ ထားဝယ်မြို့၊ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ၊ အထူးကုဆရာဝန်တို့ ပူးပေါင်း၍ အထွေထွေရောဂါ ဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကာ ဇီဝိတဒါနလှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်း သီတဂူ ဇီဝိတဒါန ဆေးရုံအုပ်ကြီး၊ ဒေါက်တာခင်မောင်ဇော် အထူးကုဆရာဝန်အဖွဲ့မှ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၅ ရက်အထိ စမ်းသပ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်းနှင့် ဘာသာလူမျိုးမရွေးကုသနိုင်ကြောင်းနှင့် ကြိုတင်စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
စမ်းသပ် ခွဲစိတ်ကုသပေးမည် အထွေထွေရောဂါများမှာ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲရောဂါများ ၊ နုလုံး၊ ဆီးချို ၊သွေးတိုး၊ ကျောက်ကပ် ရောဂါများ၊ လည်ပင်ကြီးရောဂါ၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကြိတ် အဖုအလုံးများ ခွဲစိတ်ပေး မည်ဖြစ်ပြီး အူကျရောဂါ၊မုတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ အူအတက်ရောဂါ၊ မီးယပ်သွားဖွား ရောဂါများနှင့် အမျိုးသမီးရောဂါများကို အမေရိကန် အထူးကုဆရာဝန်ကြီးများ က အခမဲ့ စမ်းသပ်ပေးမည်ဖြစ်ကြောင်းနှင့် ကလေးရောဂါများ ၊ စိတ်ရောဂါသည်များ အမျိုးသမီး ကင်ဆာရောဂါများကိုလည်း ကုပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အခမဲ့ ကုသလိုသည့် ဝေဒနာရှင်များအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင် တစ်ဦးဦးသော်လည်းကောင်း၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ် ၊ ကျန်းမာရေးလမ်း ၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအတွင်းရှိ သီတဂူအာရောဂျဒါန ဆေးရုံတော်ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ရဟန်း ၊သာမဏေ ၊သီလရှင်၊ လူပုဂ္ဂိုလ်တို့၏ ကျန်းမာရေးအတွက် ဆရာတော်ကြီးနှင့်အတူ ကုသိုလ်ရှင်များက လိုအပ်သောဆေးဝါးနှင့် ဝေယျာဝစ္စအတွက် အလှူရှင်ငွေများကို သီတဂူဆေးရုံတော်နှင့် ထားဝယ် KBZ ဘဏ်စာရင်းအမှတ် - ဝ၄၇၁၂၂၀ဝ၀၆၄၆၂ သို့ထည့်သွင်း၍ ဖြစ်စေ လှူဒါန်းနိုင် ကြောင်း သတင်း ရရှိသည်။
ထားဝယ်ခရိုင်ပြန်/ဆက်


