ထားဝယ် ဇူလိုင် ၂၆

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၅ ရက် ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။ 

 

ဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံးနှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး) အားကစားသမားဆုရရှိသူများကို ဆုချီးမြှင့်၍ ပထမဆုနှင့် ဒုတိယဆုရရှိသောအသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသော ထားဝယ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)