ထားဝယ်   ဒီဇင်ဘာ   ၄

တနင်္သာရီတိုင်းဒေသကြီး၊ စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ ဆွမ်းစားကျောင်းဆောင်၌ ကျင်းပရာ အခမ်းအနားကို ထားဝယ်အိုးစည် သုံးချက်တီးခတ်၍ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို) နိုင်ငံတော်သြဝါဒစရိယ ဆရာတော် အဂ္ဂမဟပဏ္ဍိတ ဘဒ္ဒသူရိယနှင့် နိုင်ငံတော်သြဝါဒစရိယ မေဃ၀တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ တို့က သြဝါဒကထာမြွက်ကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)က ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကိုက “‘ထားဝယ်’ဟူသော ဝေါဟာရရေးထုံးကို သမိုင်းဆရာများက အမျိုးမျိုးချဉ်းကပ် စူးစမ်းလေ့လာခဲ့ကြကြောင်း၊ ယနေ့အချိန်အထိ တိကျပီပြင် ခိုင်မာသည့်အဖြေကို မရသေးပါကြောင်း၊ အလွန်ရှေးကျတယ်ဆိုသည်ကို ခန့်မှန်းသိရှိခဲ့ရပါကြောင်း၊ ကျောက်ခေတ်နှောင်းကာလကတည်းက ‘ထားဝယ်မှာ လူသားများရှိနေပြီ’ဆိုသည်ကို သမိုင်းဆရာများ ကောက်ချက်ချခဲ့ကြောင်း၊ သမိုင်းပညာရှင် ပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းက လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းက တနင်္သာရီတိုင်းမှာ လူသားမျိုးနွယ်တွေ ရှိနှင့်နေခဲ့ပြီး ဖြစ်သည် ဆိုပါကြောင်း၊ ထားဝယ်သည် ပုဂံဘုရင်များလက်ထက် ကတည်းက မြန်မာ့မြေ၊ မြန်မာ့ရေ ဖြစ်တယ် ဆိုသည်ကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ထားဝယ်သူ ထားဝယ်သား များအနေဖြင့် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရန်လိုအပ်ကြောင်း၊ ထားဝယ်ဆိုသည်ကို ကမ္ဘာ့တည်သရွေ့ တည်တံ့အောင် ညီညီညွတ်ညွတ်ဖြင့် ဒီထက်မက အောင်မြင်အောင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက ဖတ်ကြားပြီး ထားဝယ်လူမျိုး စုစည်းမှုကော်မတီ (ဗဟို) နာယက ဦးအောင်မြင့်က ထားဝယ် အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်  ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ထားဝယ် အမျိုးသားနေ့ အခမ်းအနားကို ထားဝယ်ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပြီး ထားဝယ်ရိုးရာ ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှု (ပြပွဲ၊ ပြိုင်ပွဲ) ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)