ထားဝယ် ၂၁ မေ
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကို ယနေ့နံနက် ၁၀ နာရီ က တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး ၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၇) ဦးနှင့် သတင်းမီဒီယာ ( ၂ ) ဦးတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုထားသော ကြယ်ပွင့်ပြ မေးခွန်း (၂)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော၂၀၁၉- ၂၀၂၀ခု ၊ တနင်္သာရီတိုင်း ဒေသကြီး၏ အထွေထွေပိုလျှံ ရန်ပုံငွေ (GRF)မှ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦး က ဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်သည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီး က တိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ဓာတ်သတ္တုလုပ်ငန်းဥပဒေ(မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော် သို့တင်သွင်းပြီး တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြု ရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းကာ ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥပဒေ လေ့လာ သုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဦး အစားထိုး တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့ ) ကိုနံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရပ်နားခဲ့ပြီး ( ၁၆ ) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ( ပဉ္စမနေ့ )ကို မေ ၂၇ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်