ထားဝယ် ၁၈ မေ
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် သတင်းမီဒီယာ (၃)ဦးတက် ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ(ပထမနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြခြင်းနှင့် ကတိသစ္စာမပြုရသေးသော တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက တိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၂)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထိုနောက် နိုင်ငံတော်သမ္မတက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပေးပို့ထားသည့် ဒေါ်ပိုက်ပိုက်အေး၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ပြီး အစည်းအဝေးကို နံနက် ၁၀ နာရီခွဲတွင် ခေတ္တရပ်နားသည်။
၎င်းနောက် အစည်းအဝေးကို နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အမည်စာရင်းတင်သွင်းခဲ့သော ဒေါ်ပိုက်ပိုက်အေးအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရယူခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိသဖြင့် တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီး၏ ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်တွင် ရပ်နား၍ (ဒုတိယနေ့) ကို မေ ၁၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)