ထားဝယ် မတ် ၄
တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်း ဖွင့်လှစ်သော ကျောင်းပြင်ပ ပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသူများအား ပညာဆက်လက် သင်ကြားခွင့်များ ဆောင်ရွက်ပေးနေသကဲ့သို့ လူမှုပတ်ဝန်းကျင်တွင်လည်း ၎င်းတို့၏ ဘဝရပ်တည်မှု အထောက်အကူ ပြုနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း၊ အခြေခံ စက်ချုပ်သင်တန်း တက်ရောက်ပြီး သူများအတွက် အဆင့်မြင့် စက်ချုပ် သင်တန်းကိုလည်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ စက်ချုပ်ပညာရပ်သည် သာမန် ပညာရပ်တစ်ခုမဟုတ်ဘဲ သင်္ချာ၊ အင်ဂျင်နီယာဘာသာရပ်နှင့် အနုပညာတို့ ပါဝင်နေသည့် အဖိုးတန် အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုဖြစ်ကြောင်း၊ စက်ချုပ်ပညာဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ခြင်း၊ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ အခြားသူများအား သင်တန်းပြန်လည်ပို့ချခြင်း စသည့် စီးပွားရေးအခွင့် အလမ်းများစွာကို လက်လှမ်းမီ ဆောင်ရွက်နိုင်သည့် ပညာရပ် တစ်ခုဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသော ပညာရပ်များဖြင့် မိမိတို့ ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဆောင်ရွက်ရာတွင် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသည့် ပညာရပ်များကို ဆက်လက် အသုံးပြုသွားကြရန်နှင့် ဘာသာ ရပ်အသစ်များကိုလည်း ဆက်လက် လေ့လာသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားပြီး ထူးချွန်ဆု ရရှိသူ သင်တန်းသူတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ကာ သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းပို့ချမှုမှတ်တမ်း Video Clip ကို ပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို ကြည့်ရှုအားပေးကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


