ထားဝယ် မတ် ၁၂

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေလင်းရောင်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်ရှိ အဆိုပါ အဆောက်အအုံသစ် မျက်နှာစာ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က နေလင်းရောင် စာကြည့်တိုက် အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးသူငယ် လူငယ်လူရွယ်များ အရွယ်အလိုက် စာပေကိုဖတ်ရှုကြရေး ပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ စာကြည့်တိုက်များတည်တံ့ရန်နှင့် စာကြည့်တိုက်များ တိုးတက်လာရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက်များစွာ ပေါ်ပေါက်လာပြီး စာကြည့်တိုက် ယဉ်ကျေးမှု ထွန်းကားလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရန် သာယာသော လူ့ပတ်ဝန်းကျင်ဖြစ်လာရေး အကူအညီဖြစ်ကြောင်း၊ ပညာဘဏ်တိုက် စာကြည့်တိုက် ဖြစ်ရန် ယခုလို လူအား၊ ငွေအားနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းသည် ပြည်သူများအတွက်ပင် ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လာအောင် အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက် ကော်မတီဝင်များ၊ ပြည်သူများ ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ စာတတ်သူတိုင်း စာများများဖတ်ရှုလျှင် စိတ်ကူးများ ဖန်တီးနိုင်စွမ်း တိုးတက်စေပြီး အသိပညာဗဟုသုတ ကျယ်ပြန့်လာစေကာ မှတ်ဉာဏ်မြင့်မားလာပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်သည့် များပြားလှသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သောကြောင့် စာဖတ်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး ဖျော်ဖြေခဲ့ကြသည့်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

 

ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ထိန်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

 

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)