ထားဝယ် နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုမည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့မှ ၂၁ မိုင်ခန့်အကွာ ဖောင်းတောချောင်းတွင် ရေအားလျှပ်စစ် အဆင့်မြှင့်တင်ခြင်းနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း MoU လက်မှတ်ရေးထိုးသည့် အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက “ဖောင်းတောရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၀-၁၅ ခုနှစ် ကတည်းက လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာ ခဲ့ရကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်ကို ၁၉၃၉ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး အသုံးပြုထားသော ပစ္စည်းများလည်း စွမ်းအားကျဆင်းလာပြီဖြစ်သဖြင့် နည်းပညာများ ပိုမိုအဆင့်မြင့်သည့် စက်များဖြင့် အစားထိုး တပ်ဆင်နိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများကို၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ လုပ်ဆောင်မည် ဆိုပါက ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ရေအားဖြင့် လည်ပတ်ရသောကြောင့် ရာသီဥတု၊ မိုးရေချိန် အနည်းအများအပေါ် မူတည်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက MoU လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်က ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ တာဝန်ရှိသူများက နားလည်မှုမှတ်တမ်း MoU ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


