ထားဝယ် ၂၄ စက်တင်ဘာ
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သော (၅၅)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုအထိမ်း အမှတ်အဖြစ် စည်းကမ်းပျက်ယာဉ်များမှ သိမ်းဆည်းရမိသော ပါဝါအိပ်ဇောများအား (စတုတ္ထအကြိမ်)ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်းသည် လူ့အသက်အန္တရာယ်ကိုထိခိုက်နိုင်သည့် ကျူးလွန်မှုမျိုးမဟုတ်သော်လည်း အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားစေခြင်းတို့ဖြစ်ပေါ်စေသဖြင့် ဤဆိုးကျိုးကို အများပြည်သူ သိရှိနိုင်ရန်နှင့်ကျူးလွန်မည့်သူများ အသိတစ်ခုရရှိစေရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၊ အသံဆူညံပါဝါအိတ်ဇောများကို ကြိတ်နင်းဖျက်ဆီးပွဲ အခမ်းအနားသည် ပြည်သူလူထုလက်ခံစေမည့် ပြယုဂ် တစ်ခုဖြစ်စေသည့်အတွက် အသံဆူညံပါဝါအိတ်ဇောများ လုံးဝလျော့နည်းပပျောက်သွားသည်အထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက မိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စီးနင်းသူများ ကယာဉ်စည်းကမ်း၊လမ်းစည်းကမ်း စနစ်တကျ လိုက်နာစေရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ပါဝါအိတ်ဇောစီးနင်းသူရှိနေသ၍ ဆက်လက်ဖမ်းဆီးအရေးယူဆောင်ရွက်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ပြစ်ဒဏ်များချ မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်မောင်အေးက ပါဝါအိတ်ဇော ဖျက်ဆီး ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသူများ က အားကစားခန်းမအတွင်း၌ ခင်းကျင်း ပြသထားသောယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ပြခန်းအား ကြည့်ရှု့အားပေးပြီး ရွှေဝယ်သီရိအားကစား ခန်းမရှေ့၌ စည်းကမ်းပျက်ယာဉ်များမှ သိမ်းဆည်း ရမိသော ပါဝါအိပ်ဇော (၂၃၄)ခု အား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး နေမှုကို ကြည့်ရှု့အားပေးသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စည်းကမ်းပျက်ယာဉ်များ မှ သိမ်းဆည်းရမိသော ပါဝါအိပ်ဇော ( ၁၀ဝ )ခု ကို ရ-၄-၂၀၁၇ ရက်နေ့တွင်(ပထမအကြိမ်) ၊( ၂၆၀ ) ခု ကို ၂၇-၉-၂၀၁၇ ရက်နေ့တွင်(ဒုတိယအကြိမ်)၊ ( ၃၅၅ )ခု ကို ၂၉−၉−၂၀၁၈ ရက်နေ့တွင် (တတိယအကြိမ် )၊ ယနေ့တွင် စတုတ္ထအကြိမ်အဖြစ် (၂၃၄)ခုအား ဖျက်ဆီးခဲ့ ကြောင်းသိရှိရသည်။
( တိုင်းဒေသကြီးပြန်/ဆက်)


