ထားဝယ်  ၁၆   ဇန်နဝါရီ 

  

အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ)နှင့် မျိုးသိန်းအီလက်ထရောနစ် ကုမ္ပဏီ (TCL)တို့ ပူးပေါင်း၍ ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ ကမ္ဘောဇ ဘဏ်အနီး၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

5

 

ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ဆိုင်ကယ်စီးနင်း ခရီးသွားလာပြည်သူ များအား ဆိုင်ကယ်ဦးထုပ်များ ဆောင်းပေးခဲ့သည်။

 

9683

 

''ဆိုင်ကယ် စီးနင်းခရီးသွားလာပြည်သူများ ယာဉ်စည်းကမ်းလိုက်နာပြီး အသက်အန္တရာယ် ကင်းဝေးစေ ရန် ဦးထုပ်များ အခမဲ့ဖြန့်ပေးဝေခြင်းဖြစ်တယ်။ယခုလို ပေးဝေတဲ့အခါမှာလည်း အသိပညာပေး လုပ်ငန်း များအနေနဲ့ ဆိုင်ကယ်တစ်စီးမှာ ရှိရမည့်တပ်ဆင်ထားမှုများ ပြည့်စုံမှုရှိရဲ့လားဆိုတာကို  အရင်ဆုံး ကြည့်ရှုစစ်ဆေးပါတယ်။၄င်းအပြင် ဦးထုပ်ဆောင်းထားသူနှင့် ယာဉ်မောင်းလိုင်စင်ရှိသူများကို စစ်ဆေးရွေးချယ်ပြီး ဂုဏ်ပြုသည့်အနေဖြင့် ဆိုင်ကယ်စီးဦးထုပ်တွေကို အခမဲ့ ဖြန့်ဝေပေးတာ ဖြစ်ပါတယ် '' ဟု အမှတ်(၁၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲစုမှူးရဲမှူးမိုးကျော်က ပြောသည်။

 

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက် များနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို စစ်ဆေးပြီးသတ်မှတ် စည်းကမ်းချက်များနှင့် ပြည့်စုံသူများကိုသာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

 

963

 

 “ဆိုင်ကယ်စီးဦးထုပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အလုံးရေ (၉၀ဝ၀)ကျော်ကို ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဦးထုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဆိုင်ကယ်စီးနင်းသူများ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းတယ်။ အဲဒီအချိန်မှာ ဦးထုပ်မဆောင်းဘူး။ ဦးထုပ်မဆောင်းတဲ့အချိန် အသက်အန္တရာယ် ဆုံးရှုံးရနိုင်တဲ့ အနေအထား  ဖြစ်နိုင်တယ်။ အသက်အန္တရာယ် ကာကွယ်စေချင်တဲ့ သဘောဖြင့် ဦးထုပ်များကို ဝေပေးချင်ဖြစ်ပါတယ်။ပေးဝေသည့်အချိန်မှာ လူတိုင်းကို ပေးဝေခြင်းမဟုတ်ပါဘူး။ စည်းကမ်းလိုက်နာပြီး ယာဉ်မောင်းလိုင်စင်ပါရမယ်။ ဆိုင်ကယ်လိုင်စင်ရှိရမယ်။ အရှေ့နံပါတ်ပြား၊ အနောက်နံပါတ်ပြား ပါရှိရမယ်။ အဲဒီအချက်အလက် ပြည်စုံတဲ့သူကို  ဆုအနေဖြင့် ဦးထုပ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဦးထုပ်လည်းပေးရင်း အသက်လည်း ကာကွယ်စေချင်တဲ့ သဘောပေါ့နော်။ အဲဒီရည်ရွယ်ချက်ကို ဦးတည်ပြီးပေးခြင်းဖြစ်ကြောင်း ဆိုင်ကယ်စီးဦးထုပ်များ လှူဒါန်းသည့်မျိုးသိန်း အီလက်ထရောနစ် ကုမ္ပဏီမှ ဒါရိုက်တာ သက်ထက်ငြိမ်း က ပြောသည်။

 

6

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မျိုးသိန်းအီလက်ထရောနစ်ကုမ္ပဏီ(TCL)  က ဆိုင်ကယ်စီး ဦးထုပ်အလုံး (၂၀ဝ) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြိတ်မြို့၊ ပုသိမ်နှင့်မြောင်းမြ တို့တွင် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်