ထားဝယ်၊ ၁၈ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်း (၉)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၄)ဦးကို ဒေသခံပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသရှိ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ စသည်တို့ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးအား ထုတ်ပေးမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထားဝယ်မြို့နယ်ဦးစီးမှူး ဦးသက်စိုးထံမှ သိရသည်။
လက်ရှိ ဇာတိတွင်နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူ(၃၆)စု၊ အခြားဒေသမှ ရွှေ့ပြောင်းလာပြီး လက်ရှိဇာတိတွင် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူ(၂၆၄၂)စု၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၁၁၉၄)ဦး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အသက်(၁၈)နှစ် ပြည့်လာမည့်သူ (၁၀၀၂)ဦး၊ ၂၀၂၀ ပြည့်နှစ် မဲစာရင်းအရ ကျန်ရှိသူ (၈၅၅၅)ဦး စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)


