ထားဝယ် သြဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး စီမံကိန်း အစီအစဉ်ဖြင့် အခြေခံစက်ချုပ်သင်တန်းကို သြဂုတ် ၃ ရက်က ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ စွန့်ဦးတီထွင်၍ လုပ်ငန်းလုပ်ကိုင်လိုသူများအား နည်းပညာများရရှိစေရန်၊ ဒေသလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်ထံမှ သိရသည်။
သင်တန်းတွင် သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံ၊ အခြေခံချုပ်ရိုးများ ချုပ်နည်း၊ စက်နင်း လေ့ကျင့်ခြင်း၊ ကိုယ်တိုင်းနည်း၊ Pettern ဆွဲနည်း၊ ပိတ်စညှပ်နည်း၊ အင်္ကျီလက်ပြတ်ချုပ်နည်း၊ ကလေးဘောင်းဘီချုပ်နည်း၊ မိန်းမဝတ်ရင်စေ့အင်္ကျီ ချုပ်နည်း၊ ဇစ်ပျောက်တပ်နည်း၊ မိန်းမဝတ် မြန်မာရင်ဖုံးချုပ်နည်း၊ ဘလောက်ခါးတင်ပိတ်စ ညှပ်နည်း စသည်တို့ကို စက်တင်ဘာ ၁ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)