ထားဝယ် ၂၉ မေ
ထားဝယ်မြို့တွင် စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေး ငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသံချောင်း က ကမ်းနီးငါးလုပ်ငန်းရေပြင် နှင့် တားမြစ်ဧရိယာများသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါး ဖမ်း၊ ငါးသယ်ယာဉ် များနှင့် တည်နေရာသတင်းအချက်အလက် ပေးပို့ခြင်းမရှိသည့် ကမ်းဝေး ငါးဖမ်း၊ ငါးသယ်ရေယာဉ်များကို ဇွန် ၁ ရက်မှစတင်ပြီး VMS စနစ်ကိုအသုံးပြု၍ ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား ဇွန် ၁ ရက်မှစတင်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် MRTV ရုပ်သံတို့မှတစ်ဆင့် မေ ၂၇ ရက်မှ ၃၁ ရက်အထိ (၅)ရက်တိုင်တိုင် အသိပေးကြေညာထားကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ်ထုတ်ပြန်သော ငါးမဖမ်းရ ရာသီနှင့် ငါးမဖမ်းရဧရိယာ သတ်မှတ်ထားသည့်ကာလအတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သည့် ကမ်းဝေး ငါးဖမ်း၊ ငါးသယ် ရေယာဉ်များ VMS Control Centre များမှ စိစစ်တွေ့ရှိရလျှင်သော်လည်းကောင်း၊ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းတို့က ဖမ်းဆီးရမိလျှင်သော် လည်းကောင်း ငါးဖမ်းရေယာဉ်နှင့် ရေယာဉ်ပေါ်ပါ ပစ္စည်းအားလုံးကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူ သွားမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေယာဉ်မှူးများ၊ ရေလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)


