ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးလျက်ရှိ

ထားဝယ်   ဇွန် ၁၃

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ကာကွယ်ဆေးထိုးနှံစုရပ်များတွင် အများပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ အသက်(၅) နှစ်နှင့်အထက် လူငယ်လူရွယ်များ၊ အသက်(၅၀)အောက် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အသက်(၆၅)နှစ်နှင့် အထက်အများပြည်သူများ၊ ကျောင်းသား/သူများ၊ ပညာရေးဝန်ထမ်းများ၊ ကာကွယ်ဆေး မထိုးနှံရသေးသောသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒုတိယကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုး စုရပ်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ထားဝယ်တက္ကသိုလ်၊ ရွှေထားဝယ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် တလိုင်းတောင် ကျေးရွာများတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်(၂၇)ရက်နေ့အထိ ကာကွယ်ဆေးများကို ထိုးနှံဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)