ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေး စင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် ဆဌမအကြိမ်မြောက် သင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ပရဟိတအအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များအားသင်တန်းပေးခြင်းသည် ယခုအကြိမ် အပါအဝင် (ဆဌမ)အကြိမ်ရှိပြီးဖြစ်၍ ထပ်မံပြီးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ က ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားပြီးဖြစ်၍ လိုက်နာပေးကြရန် လိုအပ်ကြောင်း၊ သင်တန်းတွင် ဆေးဘက်ဆိုင်ရာနှင့် ပရဟိတလုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြားပို့ချပေးမှာ ဖြစ်သည့်အတွက် သေချာစွာ လိုက်နာမှတ်သားထားရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦး အား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဘာသာရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)