ထားဝယ် ၁၈ နိုဝင်ဘာ
ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ်ဌာနခွဲ)၊ ယဉ်ကျေးမှုပြတိုက်(ထားဝယ်)၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ရှေးဟောင်းစဉ့်ထည်ပစ္စည်းများ လှူဒါန်းမှုအတွက် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲသည် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်(ထားဝယ်)တွင် ပထမဆုံးအကြိမ်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မည်သည့်ဒေသ၊ မည်သည့်မြို့ဟောင်းကဖြစ်စေ မည်သည့်နေရာက တွေ့ရှိလိုပဲဖြစ်စေ တွေ့ရှိလာသည့် ရှေးဟောင်းပစ္စည်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့သတင်းပို့ပေးအပ်ပြီး ယခုကဲ့သို့တန်ဖိုးရှိ ပစ္စည်းများဖြစ်ပါက ဆုကြေးငွေများ ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုပြတိုက် (ထားဝယ်)တွင် ကမ္ပည်းထိုးခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ ဦးခင်မောင်စိုးက ရှေးဟောင်း ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
ထိုနောက် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယ(အနောက်)ကျေးရွာနေ ဦးတင်လှက အေဒီ ၁၅-၁၆ ရာစု စဉ့်မြေအိုး(၉)လုံး၊ စဉ့်ပန်းကန်ပြား(၂)ခု၊ စဉ့်ပန်းကန်လုံး(၅)ခု(အနာပဲ့နှစ်ခုပါ)တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံ ဦးခင်မောင်စိုးက ရှေးဟောင်းစဉ့်ထည် ပစ္စည်းများ လှူဒါန်းမှုအတွက် ဂုဏ်ပြုဆုငွေကျပ် ၄၀၁၆၈၅ (ကျပ် လေးသိန်းတစ်ထောင်ခြောက်ရာရှစ်ဆယ့်ငါး တိတိ) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)


