ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာနရုံးနှင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ထားဝယ်မြို့၊ ကမ်းနားဈေးအတွင်းရှိ ဈေးသူ/သားများ၊ TAXI ဂိတ်များ၊ လူစည်ကားရာနေရာများ၊ ကမ်းနားလမ်း မြစ်ကမ်းတစ်လျှောက်တို့တွင် သွားလာနေသော အများပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထားဝယ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)