ထားဝယ် ၂၉ ဒီဇင်ဘာ

 

ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းတန်ဖိုးထားတတ်လာစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းထား တက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ထားဝယ်ဒေသအတွင်းရှိ ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်းများပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ထားဝယ်ခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာက အဖွင့်အမှာစကားပြောကြားပြီး တိ်ုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာကြီး ဦးဘမြင့်က ထားဝယ်စာပေစကား၊ ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်းများအကြောင်းကို ရှင်းလင်းပြောကြားကာ ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဆရာဦးကိုကိုကြီးက ထားဝယ်ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယဉ်မှုနှင့် ဓလေ့ထုံးတမ်းများအကြောင်းနှင့် ထားဝယ်ရိုးရာယိမ်းအကဖြစ်ပေါ်လာမှု သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ စာရေးဆရာကြီး ဦးဘမြင့်နှင့် ဦးထွန်းကြည်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ထားဝယ်ရိုးရာယဉ်ကျေးမှု အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြသည်။

 

ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်းများကို ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြတိုက်ငယ်တွင် ခင်းကျင်းပြသထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)