ထားဝယ်၊ ဖေဖော်ဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ထားဝယ်တက္ကသိုလ်၏ အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့တွင် ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့်  ဆရာ၊ ဆရာမများ၊ ဘွဲ့ရယူမည့်ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို  အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွင်း သက်ဆိုင်ရာစာမေးပွဲများတွင် အောင်မြင်ခဲ့သူ မဟာဘွဲ့ရရှိသူ ရှစ်ဦး၊ ဂုဏ်ထူးတန်းဘွဲ့ရရှိသူလေးဦး၊ ဥပဒေဘွဲ့ရရှိသူတစ်ဦး၊ ဝိဇ္ဇာ၊သိပ္ပံဘွဲ့ ရရှိသူ (၆၂) ဦး နှင့် ၂၀၂၃ ပညာသင်နှစ်၊ အဝေးသင် (ဒုတိယကြိမ်မြောက်) တွင် အောင်မြင်ခဲ့သူ ရိုးရိုးဘွဲ့ရရှိသူ (၁၃၃) ဦး၊ ဥပဒေဘွဲ့ရရှိသူ (၁၄) ဦးတို့ကို  ဘွဲ့လက်မှတ်များအပ်နှင်းသည်။

ယင်းနောက် ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် နေထိုင်သွားကြရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို အစဉ်အမြဲ ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်