ထောက်ခံမှုများ ပိုမိုနိုးကြားလာစေရေး ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွိုက်ဒို ပြည်တွင်းခရီးများသွားရောက်

ကရာကတ်  ၁၈ မတ်   

 

ဗင်နီဇွဲလားနိုင်ငံ၌ မိမိကိုယ်မိမိ ယာယီသမ္မတဟု ကြေညာထားသော ဂျူအန်ဂွိုက်ဒိုသည် တိုင်းပြည်အတွင်း နယ်လှည့်ခရီးကို  မတ် ၁၆ ရက်မှ စတင်ခဲ့ပြီး သမ္မတနီကိုလပ်မာဒူရိုကို ရာထူးမှဖြုတ်ချနိုင်ရေး ပြည်သူများ၏ ထောက်ခံမှု ပိုမိုရရှိစေရန် ရည်ရွယ်ပြီး သွားရောက်ခဲ့ခြင်း ဖြစ်သည်။

 

ဂျူအန်ဂွိုက်ဒိုသည်  သမ္မတမာဒူရိုကို လိုလားသော  တပ်ဖွဲ့ဝင်များ  နောက်ဆုံးစစ်ရေး  လေ့ကျင့်မှုပြုလုပ်ခဲ့သည့် နိုင်ငံမြောက်ပိုင်း ဗလင်ဆီရာမြို့ကို သွားရောက်ခဲ့သည်။ မစ္စတာဂွိုက်ဒိုကို အမေရိကန်ဘက်မှယာယီသမ္မတအဖြစ်  အသိအမှတ်ပြုထားသည်။  အမေရိကန်၊  ကနေဒါ၊  လက်တင်အမေရိကနိုင်ငံများနှင့်ဥရောပမှ    မစ္စတာဂွိုက်ဒိုကို    မကြာမီအချိန်အတွင်း    သမ္မတနန်းတော်တွင်    နေရာယူထားနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

 

၎င်းသည် သမ္မတမာဒူရိုကို ဆန့်ကျင်ပြီး ယာယီသမ္မတဟု မိမိကိုယ်မိမိ သတ်မှတ်ထားသည်မှာ အချိန်နှစ်လခန့် ရှိပြီဖြစ်သည်။  ၎င်း၏ထောက်ခံသူများနှင့်  တွေ့ဆုံပွဲတွင်  မစ္စတာဂွိုက်ဒိုက “ ပြည်သူများ ပိုင်ဆိုင်သင့်သည်ကို ပိုင်ဆိုင်ရမည်” ဟု အခိုင်အမာ  ပြောဆိုခဲ့သည်။

 

မစ္စတာဂွိုက်ဒိုသည် ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း လှည့်လည်သွားလာမည့်  အချိန်ဇယား အတိအကျကိုမူမသိရသေးပေ။  မတ်  ၁၆  ရက်ကမူ  မာဒူရိုကို  ထောက်ခံသူများသည်  ဝါရှင်တန်ရှိ အိမ်ဖြူတော်ရှေ့တွင် အမေရိကန်ဦးဆောင်သည့်  ဗင်နီဇွဲလားအပေါ် မည်သည့်ကျူးကျော်မှုကိုမျှ လက်မခံနိုင်ကြောင်း  ဆန္ဒပြခဲ့ကြသည်။   ထို့သို့ဆန္ဒပြနေစဉ် သမ္မတမာဒူရိုကို ဆန့်ကျင်ကြသူများကလည်း ထိုနေရာ အနီးတစ်ဝိုက်တွင် စုဝေးနေခဲ့ကြသည်။                                                         

 

အေအက်ဖ်ပီ