ကသာ ၁၂ ဧပြီ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့က ကသာမြို့တော်ခန်းမတွင် စတင်ဖြန့်ဝေပေးလျက်ရှိရာ ကသာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ အိမ်သို့ ထောက်ပံ့ပစ္စည်း(၅)မျိုး အရောက်ပေးပို့နိုင်ရန်တွက် ဧပြီလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက မြို့တော်ခန်းမတွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အဆိုပါ ထောက်ပံ့ပစ္စည်းများ ဆက်လက်ခွဲဝေပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ မြို့နယ်အဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူ၊ အခမဲ့ဖြန့်ဖြူရေးကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြီးကြပ်၍ ကသာမြို့ပေါ် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ စက်ပန်းရပ်ကွက်၊ လျှပ်စစ်ကုန်းရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်နှင့် ကျန်တောကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာစီတို့ကို ၎င်းတို့၏အိမ် အရောက်ပို့ပေးနိုင်ရန်အတွက်  သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများကလည်း အဆိုပါထောက်ပံ့ပစ္စည်းများကို အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

 

ကသာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၇၈၆၆)စုရှိပြီး နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုးတို့ကို ရပ်ကွက်၊ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အချိန်သတ်မှတ်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

 

ရဲအောင်(ကသာ)