နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
ထောပတ်သီးအပါအဝင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီ ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ဒီဇင်ဘာလ (၂၇)ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မိမိတို့ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိတဲ့နည်းတူ ပြည်ပသို့ တင်ပို့ရောင်းချသူများ၊ ပြည်ပက တင်သွင်းသူများနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများ အကျိုးအမြတ် ရရှိရေးအတွက် ကုန်သွယ်မှုလုပ်ငန်းတွေကို ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထောပတ်သီး အပါအဝင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ပတင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် ဆက်လက်အားပေးကူညီ ဆောင်ရွက်သွားမှာပါ။”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။
အလားအလာကောင်းများရှိသည့် သစ်သီးဝလံများကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပေးလျက်ရှိနေပြီး၊ ကိုဗစ်ကာလ ဖြစ်သော်လည်း အွန်လိုင်းမှသော်လည်းကောင်း၊ စီးပွားရေးသံမှူးများမှ တစ်ဆင့်သော်လည်းကောင်း စျေးကွက်ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်၊ စျေးကွက်အသစ်များ တိုးချဲ့ရရှိရန်နှင့် ရရှိပြီးသော စျေးကွက်များကို ထိထိရောက်ရောက် တင်ပို့သွားနိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြန်မာနိုင်ငံက ထောပတ်သီး(၃)မျိုးကို ဗြိတိန်စျေးကွက်ကို စမ်းသပ် တင်ပို့ခဲ့ရာမှာ ရလဒ်ကောင်းတွေ ကြားသိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ USAID, UKaid စတဲ့ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဆက်လက်ပြောကြားသည်။
ထောပတ်သီးကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများမှ ဈေးကွက်လိုလားမှု ရှိနေသည့်အပြင် ထောပတ်သီးအဆီကိုလည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများမှ ဝယ်လိုအား ရှိနေကြောင်း သိရသည်။
နန်းထက်ထက်ချစ်


