၁၄  ဇန်နဝါရီ

ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရဓာတ်များစွာ ကြွယ်ဝသည့် ထောပတ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစရှိသည့်ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးကြပါသည်။ ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့မရှိ၍ ယခင်က စီးပွားဖြစ်စိုက်ပျိုးခြင်း နည်းပါးခဲ့သော်လည်း မြန်မာ့ထောပတ်သီးများမှာ နိုင်ငံတကာမှ လက်ခံနိုင်သည့် အရည်အသွေးပြည့်မီခြင်း၊ ဓာတုဆေးသုံးစွဲမှု နည်းပါး၍ ဓာတ်ကြွင်းအာနိသင်နည်းပါးခြင်း၊ နိုင်ငံတကာစျေးကွက်မှ စိတ်ဝင်စားမှုရှိလာခြင်း စသည့် အချက်များကြောင့် ပို့ကုန်အလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။

သီးနှံ၏အရည်အသွေး

စားသုံးသူများအတွက် ရွေးချယ်စရာ အလွန်များပြားသည့် ယနေ့သီးနှံဈေးကွက်တွင် ထောပတ်သီးအပါအဝင် မိမိတို့ထုတ်လုပ်သည့်သီးနှံသည် အရည်အသွေး အာမခံ ချက်ရှိမှသာ အခြားသီးနှံများနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါ သည်။ အရည်အသွေးဟုဆိုရာတွင် စားသုံးသူအား ဆွဲဆောင်နိုင်စွမ်းရှိသောအသွင်အပြင်ရှိ၍ စားသုံးရာ၌ အရသာ ကောင်းမွန်ခြင်း၊ အနံ့အရသာရှိခြင်း စသည့်အချက်များကို ဆိုလိုသည်။ ထို့အပြင်သီးနှံများ၌ ရောဂါ ပိုးမွှားကင်းစင်ခြင်း၊ ဘေးကင်းစိတ်ချရခြင်း၊ စျေးသင့်တင့် ခြင်း အစရှိသော အရည်အသွေးများလည်း သီးနှံများ၌ ရှိသင့်သည်။ အဆိုပါအရည်အသွေးများကို အဓိကလွှမ်းမိုးသော အချက်များမှာ မျိုးရွေးချယ်မှုမှန်ကန်ခြင်း၊ စိုက်ခင်းထဲတွင် စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ သီးနှံများ ရင့်မှည့်မှုရှိမှသာ ခူးဆွတ်ခြင်း၊ သင့်တော်သော နည်းလမ်းဖြင့် ခူးဆွတ်ခြင်းနှင့် ဂရုတစိုက်ကိုင်တွယ်ခြင်း စသည်တို့ ဖြစ်ကြပါသည်။ အထူးသဖြင့် သစ်သီးများအား ရင့်မှည့်မှု အပြည့်အဝမရောက်ရှိမီ ခူးဆွတ်မိလျှင်ဖြစ်စေ၊ နောက်ကျ၍ခူးဆွတ်မိလျှင်ဖြစ်စေ စားသုံးသူများနှင့် စျေးကွက်မှတောင်းဆိုသည့် အရည်အသွေးကို ရရှိနိုင်မည် မဟုတ်သကဲ့သို့ သစ်သီးများ၏ ခူးဆွတ်ပြီးနောက် ကြာရှည်အထားခံနိုင်မှုအပေါ်တွင်ပါ ဆိုးကျိုးသက် ရောက်မှုရှိမည်ဖြစ်သည်။ ဥပမာ - ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရစေရန် ထောပတ်သီးအား ကောင်းစွာမရင့် ဘဲ ခူးဆွတ်ပါက ဆက်လက်၍ မရင့်မှည့်တော့ဘဲအရည် အသွေးမပြည့်ဝသည့် အသီးများသာ ဈေးကွက်သို့ တင်ပို့ နိုင်မည်ဖြစ်ပြီး ဈေးကောင်းရရှိရန် ခက်ခဲပါလိမ့်မည်။

ထောပတ်သီး ခူးဆွတ်ရချိန်

ထောပတ်သီးသည် ပန်းပွင့်တွင် အသီးစတည်သည့်နေ့မှ ရက်ပေါင်း (၁၇ဝ-၁၈၅) ခန့်တွင် အရွယ်ရောက် (ရင့်)လေ့ရှိပါသည်။ သို့ရာတွင် စိုက်ပျိုးသည့်ဒေသ၏ ရာသီဥတု၊ အမြင့်ပေ၊ ထောပတ်ပင်တွင် ထည့်သွင်းသည့် အာဟာရနှင့် ထောပတ်သီးမျိုးအပေါ် မူတည်၍ အရွယ်ရောက်ချိန် ကွာခြားလေ့ရှိသည်။ ထောပတ်သီးသည် အပင်မှ ခူးဆွတ်ပြီးလျှင် ဆက်လက်အသက်ရှူ၍ ရင့်မှည့် ခြင်းဖြစ်စဉ်များဖြစ်ပွားသည့် အသီးအမျိုးအစား အုပ်စု တွင်ပါဝင်၍ ခူးဆွတ်ပြီးနောက်ပိုင်းမှသာ အသီးခွံနှင့် အတွင်းသားအရောင်၊ အတွင်းသား အရသာ၊ အနံ့၊ နူးညံ့ မှု၊ အဆီဓာတ်ပါဝင်မှုများ အဆင့်ဆင့်ပြောင်းလဲဖွံ့ဖြိုးလာ ခြင်းဖြစ်သည်။ ထို့ကြောင့် ဇီဝကမ္မ ဖြစ်စဉ်အရ အရွယ် ရောက်ထားသော ထောပတ်သီးမှသာ ရင့်မှည့်နိုင်ပြီး ကောင်းမွန်သည့် အရသာနှင့် အနံ့၊ နူးညံ့၍ အမျှင်ကင်းစင်သည့်အတွင်းသားတို့ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ဇီဝကမ္မအရ အရွယ်ရောက်ခြင်းဆိုသည်မှာ ထောပတ် သီးသည် ဖွံ့ဖြိုးကြီးထွားမှုကို အလုံးစုံရောက်ရှိ ပြီးနောက် ဆက်လက်ရင့်မှည့်နိုင်သည့် အခြေအနေကို ဆိုလိုသည်။ သစ်သီးအများစု၏ အရွယ်ရောက်ချိန် တစ်နည်းအား ဖြင့် ရင့်ချိန်ကို ခန့်မှန်းရသည်မှာ လွယ်ကူသော်လည်း ထောပတ်သီးသည် မခူးဆွတ်ဘဲ အပင်တွင် ဆက်လက်ထားရှိလျှင် မမှည့်တတ်သည့် သဘောရှိသောကြောင့် အရွယ်ရောက်(ရင့်)ချိန်ကို သတိမထားမိနိုင်ဘဲ ခူးဆွတ်ချိန် မှားယွင်းတတ်သည်။ Whiley et al., (2013) ၏ တွေ့ရှိချက်များအရ ထောပတ်သီးသည် အရွယ်ရောက် ခြင်းကို အလုံးစုံရရှိပြီးသော်လည်း မခူးဆွတ်မိလျှင် ကြွေကျခြင်းမရှိဘဲ ခြောက်လ သို့မဟုတ် ယင်းထက်ပို၍ အပင်ပေါ်တွင် ဆက်လက် ရှိနေနိုင်သည်။

အရွယ်မရောက်မီ ခူးဆွတ်ခြင်း

ထောပတ်သီးအား အရွယ်မရောက်မီ ခူးဆွတ်မိပါက အထက်ပါ ရင့်မှည့်မှုဖြစ်စဉ်များ အပြည့်အဝဖြစ်ပေါ် ခြင်း မရှိတော့ဘဲ အသီးမှာ ပျော့ပျောင်းမှုရှိသော်ငြား (၁) ရေဓာတ်ဆုံးရှုံးရသောကြောင့် ရှုံ့တွသည်။ (၂) အတွင်း သားရှိဆဲလ်နံရံများပျော်ကျနိုင်ခြင်း နည်းပါး သောကြောင့် မပျော့ပျောင်းဘဲ သားရည်သားကဲ့သို့ မာဆတ်ဆတ် ဖြစ်သည်။ (၃) ရောင်ခြည်ပစ္စည်းများ ဆက်လက်မစုစည်းနိုင်တော့ဘဲ အရောင်မညီမညာဖြစ် တတ်သည်။ (၄) အတွင်းသားတွင် သကြားဓာတ်အဖြစ်သို့ ပြောင်းလဲနိုင်မှုနည်းပါးပြီး အချိုပေါ့သွားသည်။ (၅) ထောပတ်သီးတွင် ထူးထူးခြားခြား ပမာဏများစွာ ပါဝင်၍ အသီးမှည့်ရန် ထိန်းချုပ်သောဓာတ်တစ်ခုဖြစ်သည့် C7 သကြားများ (mannoheptulose နှင့် perseitol) သည် မရင့်သော ထောပတ်သီးတွင် ပါဝင်မှုနည်းသောကြောင့် အသီးဆက်လက်မှည့်ရန် မဆောင်ရွက်နိုင်တော့ပါ။ (Pedreschi et al., 2019) (၆) လိုအပ်သည့် အနံ့ဖြစ်စေမည့် ဒြပ်ပေါင်းများ ဖွဲ့စည်းခြင်းသည် လျော့ကျသွားခြင်းကြောင့် ထောပတ်မျိုးအလိုက်ရှိရမည့် အနံ့အရသာ မရနိုင်တော့ပါ။

ထို့ပြင် မရင့်မီခူးဆွတ်မိပါက ကြာရှည်အထားမခံနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။ Dixon et al., (2003) ၏ တွေ့ရှိချက်များအရ သင့်လျော်သော ရင့်မှည့်မှုရှိသည့် ထောပတ်သီးသည် အသီးပုပ်ခြင်းနှင့် အအေးခန်း၌ သိုလှောင်စဉ်အတွင်း ရေခဲနာဖြစ်ပွားမှု အနည်းဆုံးဖြစ်၍ ကြာရှည်အထားခံပါသည်။ အသီးနု သို့မဟုတ် အမှည့်လွန်ထောပတ်သီးများသည် အဆိုပါအချက်များအား ခံနိုင်ရည်နည်းပါး၍ အထားမခံကြောင်း ဖော်ပြထား ပါသည်။

ထို့ကြောင့် ထောပတ်သီးအား စားသုံးသူများ ကြိုက်နှစ်သက်သည့် အရည်အသွေးရရှိရန်အတွက် အသီးနုများအား မခူးဆွတ်သင့်ပါ။ အလားတူစွာ ခူးဆွတ်ချိန် အလွန်နောက်ကျလျှင် အပင်ပေါ်ရှိအသီး များသည် အပင်အတွက်ဝန်ဖြစ်စေ၍ ယင်းဖြစ်စဉ်သည် လာမည့်နှစ်အတွင်း ပန်းခိုင်ထွက်ရှိမှုနှင့် အသီးတင်မှု အပေါ် အကျိုးသက်ရောက်မှုရှိပြီး အသီးအထွက်နှုန်း ကျဆင်းတတ်သည်။

ထောပတ်သီး ရင့် မရင့်

ထောပတ်သီးရင့်မှည့်မှုအား လွယ်ကူစွာစမ်းသပ်နိုင်သည့် ကမ္ဘာနှင့်အဝန်းမှ လက်ခံထားသော နည်းလမ်းတစ်ခုမှာ ထောပတ်သီးအတွင်းသား၏ Dry Matter ရာခိုင်နှုန်းကို ဆန်းစစ်ခြင်းဖြင့် အသီးရင့်မှည့်မှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။ အဆိုပါနည်းမှာ အကြမ်းဖျင်းအားဖြင့် ထောပတ်သီး အတွင်းသားသက်သက် အနည်း ဆုံး ၁၀၀ ဂရမ်ခန့်၏ အစိုအလေးချိန်နှင့် (မီးဖို/ မိုက်ခရိုဝေ့ဖြင့် အခြောက်ခံပြီး) အခြောက်အလေးချိန်ကို ချိန်တွယ်ပါ။ ထို့နောက် အတွင်းသားအခြောက် အလေးချိန်ကို အစိုအလေးချိန်နှင့်စား၍ ၁၀၀ ဖြင့် မြှောက်ပြီး Dry Matter ရာခိုင်နှုန်းကို တွက်ချက်ရခြင်း ဖြစ်သည်။

ဥပမာ

ထောပတ်သီးအတွင်းသား အစိုအလေးချိန် - ၁၂၅ ဂရမ်

ထောပတ်သီးအတွင်းသား အခြောက်ခံပြီးအလေးချိန် - ၃၀ ဂရမ်

Dry Matter ရာခိုင်နှုန်း - (၃၀/၁၂၅) x ၁၀၀ = ၂၄ %

ယေဘုယျအားဖြင့် Dry Matter ၂၃ ရာခိုင်နှုန်း ရောက်ရှိပြီးမှသာ ရင့်မှည့်သည်ဟု သတ်မှတ်နိုင်ပြီး ထောပတ်သီးများကို ခူးဆွတ်သင့်သည်။ ထောပတ်သီးရင့်မရင့်ဆုံးဖြတ်ရန် အခြားနည်းလမ်း များစွာရှိပါသည်။ လွယ်ကူသော နည်းလမ်းအချို့မှာ မျက်မြင်အနေအထားဖြင့် ဆုံးဖြတ်ရခြင်းဖြစ်သည်။ သို့သော် ထောပတ်မျိုးအပေါ် မူတည်၍ ခြားနားချက် အနည်းငယ်ရှိနိုင်ပါသည်။ ၎င်းတို့မှာ-

- အသီးရင့်လာလျှင် သီးညှာသည် ပို၍တုတ်လာ မည်၊ ဖောင်းလာမည်၊ သိသိသာသာ အဝါရောင် ပြောင်းလာမည်။

- အသီးအားခွဲကြည့်လျှင် အစေ့ခွံသည် အဖြူ ရောင်ဖြစ်နေရာမှ ခြောက်ကပ်လာမည်၊ မည်း လာမည်၊ အနည်းငယ် ရှုံ့လာမည်။

- အသီးကြီးထွားလာမည်။

- အသီးခွံသည် တောက်တောက်ပပမရှိတော့ပါ၊ အရောင်မစိုဘဲ မှိုင်းလာမည် (အခွံပါးသည့် မျိုးများတွင် ယခုကဲ့သို့ပြောင်းလဲမှုမရှိပါ)။

- 'Hass' မျိုးတွင် အသီးခွံသည် ခရမ်းရောင်သို့ ပြောင်းလဲလာမည်။

အဆိုပါသတ်မှတ်ချက်များသည် ထောပတ်သီး၏ မျက်မြင်အခြေအနေကိုသာကြည့်၍ ဆုံးဖြတ်ရသော ကြောင့် ကွဲပြားမှုရှိနိုင်ပါသည်။

အရည်အသွေးပြည့်မီသော ထောပတ်သီးများအား ရောင်းချတင်ပို့မှသာ ရေရှည်တည်တံ့၍ ခိုင်မာသည့် စျေးကွက်ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ မိမိတို့ဒေသနှင့် ကိုက်ညီသည့် ထောပတ်မျိုးများကို ရွေးချယ်ရန် လိုအပ်သကဲ့သို့ မှန်ကန်သည့်စိုက်ပျိုးနည်း စနစ်များကို ထောပတ်သီးထုတ်လုပ်မှု တိုးမြှင့်ရေး အတွက်သာမက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက်ပါ စနစ်တကျလိုက်နာသင့်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ပြုစုစောင့်ရှောက်ပြီးခါမှ ထောပတ်သီးများ အရည်အသွေးမကျဆင်းစေရန်အတွက် ရင့်မှည့်ချိန် ရောက်ရှိမှသာ ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ပထမတန်း စား ထောပတ်သီးများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

ဒေါက်တာဝဏ္ဏထွန်း (DOA)

ကိုးကားချက်

Dixon, J., Pak, H.A., Smith, D.B., Elmsly, T.A., Cutting, J.G.M. (2003). New Zealand avocado fruit quality: the impact of storage temperature and maturity. Proceedings of the V World Avocado Congress 2:647-652

Pedreschi, R., Uarrota, V., Fuentealba, C., Alvaro, J.E., Olmedo, P., Defilippi, B.G., Meneses, M., and Campos-Vargas, R. (2019). Primary Metabolism in Avocado Fruit. Front. Plant Sci., 26 June 2019. http://doi.org/10.3389/fpls.2019.00795

Whiley, A.W., Wolstenholme, B.N., Faber, B.A. (2013). Crop Management, In: Schaffer, B., Wolstenholme, B.N., Whiley, A.W. (Eds.), The Avocado: Botany, Production and Uses, CAB International, Wallingford, UK, pp. 343-379.