ရန်ကုန် ဇွန် ၉

 

ထေရဝါဒဗုဒ္ဓသာသနာပြုရဟန်းတော်သင်တန်း အမှတ်စဉ်(၂၉)နှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံပညာ ပေးသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်အမှူးပြုသော ဆရာတော် ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ဆရာတော်ကြီးများ၊ နယ်စပ်နှင့် တောင်တန်းဒေသများမှ သင်တန်းသား ရဟန်းတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါး သီလခံယူ ဆောက်တည်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ မဟာထေရ်မြတ်က "တရား, လ, နေ ဤသုံးထွေ ဖုံးလေကျိုး မရှိ" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ရဟန်းတော်သင်တန်းအမှတ်စဉ် (၂၉)နှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံပညာပေး သင်တန်းအမှတ်စဉ် (၁၆) သင်တန်းသားရဟန်းတော်များ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များအနေဖြင့် ဗုဒ္ဓ၏ တရားတော်များ ကို မြေပြန့်မှသည် တောင်တန်း၊ ပြည်ပမှသည် နယ်စပ်၊ ပြည်တွင်းမှသည် ပြည်ပသို့ အရောက်ပို့ပြီး တရားလမင်း ထိန်ထိန်လင်းအောင် ကျန်းမာချမ်းသာစွာဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားအား ထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုကြောင်း" သင်တန်းဆင်း ဩဝါဒကထား မြွက်ကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ပင့်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဆကလက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသဟာထေရ်မြတ်က သာသနာပြုသင်တန်းဆင်း လက်မှတ်များကို သင်တန်းသား ရဟန်းတော်များကိုယ်စား သင်တန်းသားရဟန်းတော်တစ်ပါးထံ ချီးမြှင့်ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးက နယ်စပ်နှင့် တောင်တန်းဒေသရှိ သာသနာပြုဌာနများသို့ ပြန်လည်ကြွရောက်မည့် သင်တန်းဆင်းသာသနာပြု ရဟန်းတော် ၄၁ ပါးတို့အား ဗုဒ္ဓရုပ်ပွားတော် ၈၄၅ ဆူနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းနည်းပြ ဆရာများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် သည်။

 

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသမဟာ ထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်ကြီးများနှင့် သင်တန်းသားရဟန်းတော်များအား လှူဖွယ်ပစ္စည်းများလောင်းလှူကြသည်။

(သတင်းစဉ်)