ဘကြီးကောင်း

ပြာလဲ့လဲ့မိုးကောင်းကင်နှင့် ဖြူလွလွတိမ်ပန်းချီတို့ကိုနောက်ခံပြု၍ အချိုးတကျ သပ္ပာယ်တော်မူလှသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီဖန်သား ပြင်မှတစ်ဆင့် ဖူးမြော်ရရုံဖြင့် ပီတိသောမနအဝဝနှင့်အတူ ကြည်ညိုသဒ္ဓါကုသိုလ်အဖြာဖြာ ပွားများရပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခေတ်အလိုက် တည်ထားဆောင်ရွက်ခဲ့သည့် ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ် ဟန်ဘူမိဖဿပုံစံဖြင့် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မာရဝိဇယ” ဟူသည့် ဘွဲ့အမည်နှင့်အတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်မှုအချောသပ်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်း၊ ဥဏ္ဏလုံမွေးရှင်တော်မြတ်ကို တပ်ဆင်ပူဇော်ခြင်း စသည့်လုပ်ငန်း အဝဝကိုလည်း ဩဝါဒဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ ဩဝါဒခံယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလမှစတင်တူးဖော်

မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှ ဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း၊ အဆိုပါ ကျောက်တော်ကြီးကို တူးဖော်ရရှိရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးတွက်ချက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ဒုပေ ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကြောင်း၊ ဆင်းတုတော် ထုဆစ်ရန်အတွက် တွက်ချက်ဆောင်ရွက်ရာတွင် အချို့ကျောက်သားနေရာများ၌ လိုအပ်ချက်များရှိခြင်းကြောင့် ကျောက်သားများ ထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင်  ကျောက်တုံးတော်ကြီးများကို အခမ်းအနားဖြင့် စတင်ပင့်ဆောင်ခဲ့သည်။ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေးအတွက် စုစုပေါင်းကိုးကြိမ် စနစ်တကျပင့်ဆောင်ခဲ့ရာ တန်ချိန်အားဖြင့် ၈၁၅၈ တန်ဖြစ်သည်။ ရေလမ်းခရီးဖြင့် စကျင်ကျောက်တုံးကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်တုံး တော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူနိုင်ရေးအတွက် ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းအား ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ပင့်ဆောင်ခဲ့သည်။ ကျောက်တုံးကြီးများကို ကုန်းလမ်းခရီးဖြင့် သယ်ယူရာတွင် စုစုပေါင်း ခုနစ်ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အားဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း သိရသည်။

CNC စက်ကြီးများဖြင့် ထုဆစ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန်ချိန် ၂၀၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန်အတွက် ဘိုးပိုင်များ ရိုက်၍ ဆောင်ရွက်ခဲ့သည်။ ပလ္လင်တော်အစိတ်အပိုင်းများ ပင့်ဆောင်နေရာချထားခြင်းနှင့် တွဲဆက်ခြင်းများကို စနစ်တကျဆောင်ရွက်ခဲ့ပြီး ပလ္လင်တော် အစိတ်အပိုင်းများကို ထုဆစ်ရာတွင်လည်း CNC စက်ကြီးများဖြင့် ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီးအား ထုဆစ်ရာတွင်လည်း ကိုးပေအရွယ်ရှိသည့် ကျောက်ဆစ်ရုပ်ပွားတော်ကို နမူနာထုဆစ်၍ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီးကိုလည်း အပိုင်းလိုက်ခွဲ၍ CNC စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ အလားတူ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး  ပြည်ပပညာရှင်များ လုံးဝပါရှိခြင်းမရှိကြောင်း သိရသည်။

စနစ်တကျတွက်ချက်တည်ဆောက်

ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ စေရေးအတွက်လည်း တန်ချိန် ၂၀၀၀၀ အထိခံနိုင်သော အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ် နိုင်သည့် ရစ်ချ်တာစကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဘုရားကြီးတည်ထားကိုးကွယ်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍ ခမ်းခမ်းနားနား ထင်ထင်ပေါ်ပေါ်ရှိစေရေးအတွက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်နှင့်အတူ သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီး၊ ပိဋကသုံးပုံအား ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်ထက်အက္ခရာတင် ရေးထိုးထားသည့် ကျောက်စာတော်အပါအဝင် ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ထားသော မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးကိုလည်း တည်ဆောက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက်၌ ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရတနာပလ္လင်တော်ထက်၌ ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ (၇) ရက်သားသမီးများ၊ ဘုရားဒါယကာ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခဲ့ကြသည်။

အကျယ်တဝင့်ရှင်းလင်းပြောကြား

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၂၉ ရက်နေ့ နံနက်က ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားတွင် တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုသို့ ရှင်းလင်းပြောကြားရာတွင် “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

ရည်ရွယ်ချက်(၄)ရပ်အနက် “မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကို ပြသရန်နှင့် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်” ဟူသည့် ရည်ရွယ်ချက်နှစ်ရပ်ကား အဓိပ္ပာယ် လေးနက်ကျယ်ဝန်းလှပါသည်။ မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာ့သမိုင်းကို ခြေခြေမြစ်မြစ် ထဲထဲဝင်ဝင်မလေ့လာ၊ မသိရှိသူများအဖို့မူ နားလည်သဘောပေါက်ရန် ခက်ခဲပေလိမ့်မည်။ တကယ်တော့ မြန်မာနှင့် ထေရဝါဒဗုဒ္ဓသာသနာသည် ခွဲ၍မရပါ။

ဂိုဏ်းကွဲ ဂိုဏ်းဖျားများအချင်းချင်း အပြိုင်အဆိုင် မတိုက်ခိုက်ကြမီကပင် ထေရဝါဒ ပင်စည်ပင်မ ဗုဒ္ဓသာသနာတော်သည် အိန္ဒိယအတွင်း ခုနစ် ဌာန၊ သီဟိုဠ်(ယခု သီရိလင်္ကာ)၊ မြန်မာ နှစ်ဌာနအားဖြင့် စောစီးစွာကြိုတင်၍ နေရာယူထားပြီးဖြစ်၏။ မည်သည့် အရောအနှော အပိုအလိုမရှိ၊ သန့်စင်ကောင်းမွန်စွာ မြင့်မားသောအရှိန်အဟုန်ဖြင့် အခိုင်အမာ တသီးတခြားတပ်စွဲနေနှင့်ကြပြီးဖြစ်လေပြီဟု ပညာရှင်များက သမိုင်းအထောက်အထားများဖြင့် မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။

ရှေးဦး မြန်မာနိုင်ငံသမိုင်းကိုကြည့်လျှင် မြန်မာနိုင်ငံသည် သာသနာတော်ခေတ်စော၍ အရိယာပေါများသော ထေရဝါဒနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ကြောင်း မြေပေါ်မြေအောက်သမိုင်းများက ဖော်ပြလျက်ရှိသည်။ မည်မျှပင် သမိုင်းကွင်းဆက်များ ပျောက်ခဲ့သော်ငြားလည်း မြေပေါ်မြေအောက် ရနိုင်သမျှ အထောက်အထားများဖြင့်ပင် ဘုရားပွင့်တော်မူစကတည်းက ရရှိခဲ့သော ထေရဝါဒနှင့်အတူ ယဉ်ကျေးသော လူမျိုးများဖြစ်ကြောင်းကိုကား ယုံမှားစရာမရှိပေ။

ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်း၊ ပျူတို့သည် ပုဂံနေပြည်တော်မရောက်မီ တစ်ပြည်နှင့်တစ်ပြည် မရှေးမနှောင်းတည်ရှိခဲ့ကြသော ရှေးဦး မြန်မာပျူနိုင်ငံတော်ကြီးဖြစ်ကြသည်။ ရာဇဝင်များ၌ ဟန်လင်းအကြောင်း ဖော်ပြခြင်းမရှိသော်လည်း မြေအောက်တူးဖော်လေ့လာမှုအရ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ကြောင်း အထောက်အထားများတွေ့ရှိကြရ၏။

ထေရဝါဒသာသနာ ထွန်းကားနေပြီဖြစ်

သရေခေတ္တရာခေတ်တွင်လည်း ထေရဝါဒသာသနာ  ထွန်းကားနေပြီဖြစ်ကြောင်းကို ဘောဘောကြီးစေတီစသော လက်ရှိမျက်မြင် သာသနိကအဆောက်အအုံကြီးများ၊ ၁၉၁၁-၁၂၊ ၁၉၂၆-၂၇ ခုနှစ်များက တူးဖော်ရရှိသော ရွှေပေလွှာ၊ ငွေပေလွှာများနှင့် ငွေသားရုပ်ကြွဆင်းတုတော်များကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းသိရှိနိုင်သည်။ ရွှေပေလွှာများ၌ ပရိတ်ကြီးများ၊ ပဋိစ္စသမုပ္ပာဒ်၊ ပဋ္ဌာန်းပါဠိတော်များ၊ “ယေဓမ္မာ ဟေတုပ္ပဘဝါ” အဘိဓမ္မာသဘောများကို တွေ့မြင်ခဲ့ရသည်။

ထို့ကြောင့် အနော်ရထာ သာသနာပြုမင်းတရားကြီးလက်ထက် (အေဒီ ၁၀၄၄-၁၀၇၈)တွင် စစ်မှန်သော ထေရဝါဒသာသနာ တည်ထောင်လိုသည်မှာ အကြောင်းမဲ့မဟုတ်၊ ရှေးဘိုးဘေးဘီဘင်တို့ လက်ထက်က ဆင်းသက်လာသော ထေရဝါဒ သာသနာတော်အကြောင်း ကောင်းစွာကြားသိပြီး ဖြစ်သောကြောင့်ဟု ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

အထက်မြန်မာပြည်တွင် အနော်ရထာ၊ ဘိုးတော်ဘုရားနှင့် မင်းတုန်းမင်းတို့ကဲ့သို့သော၊ အောက်မြန်မာပြည်တွင် ဓမ္မစေတီ၊ ဘုရင့်နောင်တို့ ကဲ့သို့သော တိုင်းပြုပြည်ပြု သာသနာပြုမင်းများပေါ်ပေါက်လာသဖြင့် မြန်မာနှင့် ထေရဝါဒဗုဒ္ဓ သာသနာသည် တစ်ကမ္ဘာလုံးက အားကိုးရသော နေရာသို့ ရောက်ရှိခဲ့လေသည်။

ထေရဝါဒသာသနာအပေါ် ကမ္ဘာကပင် အာရုံစိုက်လာခဲ့

မြန်မာနိုင်ငံ၌ ဗြိတိသျှများ အောက်ပိုင်းတွင် အနှစ် ၁၀၀ ကျော်၊ အထက်ပိုင်း၌ အနှစ် ၆၀ ကြာ အုပ်စိုးသွားသော်လည်း အင်္ဂလိပ်ယဉ်ကျေးမှုဒဏ်ကို အလူးအလဲ မခံရချေ။ ခိုင်မာသော သုဓမ္မာသံဃာ့ အဖွဲ့အစည်း သာသနာ့ဦးသျှောင် မထေရ်ကြီးများနှင့် ဘိုးတော်၊ အထူးသဖြင့် မင်းတုန်းမင်းကြီး၏ ကျေးဇူးကြောင့် ဖြစ်သည်။ အထက်မြန်မာနိုင်ငံကို အလွယ်လေးဖြင့် အချိန်မရွေးသိမ်းယူနိုင်သော အခြေအနေတွင် မင်းတုန်းမင်းကြီးသည် နိုင်ငံရေး အားဖြင့်လည်းကောင်း၊ ပဉ္စမသင်္ဂါယနာတင်၍ သုဓမ္မာသံဃ ဦးသျှောင်ဖွဲ့စည်းထားခြင်း၊ လေးပြင်လေးရပ် ဝတ်အသင်းများ ဖွဲ့စည်းပေးခြင်းစသော ဘာသာရေးအားဖြင့်လည်းကောင်း ရပ်တည်မှုခိုင်မာခဲ့ပါသည်။ ပဉ္စမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာ ခေတ်သို့ ရောက်လာသောအခါ မြန်မာနိုင်ငံနှင့် ထေရဝါဒသာသနာအပေါ် ကမ္ဘာကပင် အာရုံစိုက် လာခဲ့ကြလေသည်။

ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံကြီးအတွင်း၌မူ အယူဝါဒရေးရာ ရှုပ်ထွေးမှုများ၊ နိုင်ငံရေးရှုပ်ထွေးမှုများနှင့်အတူ နောက်ဆုံး ၁၃ ရာစု၊ ၁၄ ရာစုခေတ်တွင် အတုရော အစစ်ပါ ဗုဒ္ဓဝါဒများအားလုံး အပြီးတိုင် ချုပ်ငြိမ်းကာ သာသနာကွယ်ပခဲ့ရလေသည်။

သီဟိုဠ်ကျွန်း(သီရိလင်္ကာ)ကိုလည်း အင်္ဂလိပ် တို့မသိမ်းပိုက်မီကပင် မြန်မာနိုင်ငံ အမရပူရ နေပြည်တော်သို့ သီဟိုဠ်မှ ရဟန်းရှင်လူများအကြိမ် ကြိမ်လာရောက်ကြ၍ သာသနာရေးအကူအညီကို ရယူခဲ့ကြသည်။ အေဒီ-၁၀၇၁ ခုနှစ်တွင် စစ်ဘေး စစ်ဒဏ်ကြောင့် သီဟိုဠ်နိုင်ငံ၌ သာသနာဆက် ပြတ်လုဖြစ်နေ၍ သီဟိုဠ်မင်း၏ မေတ္တာရပ်ခံချက်အရ အနော်ရထာမင်းသည် ပုဂံနေပြည်တော်မှ သာသနာပြုမထေရ်ကြီးများကို စေလွှတ်၍လည်း သာသနာရေးတပ်ကူ ပေးခဲ့ရပါသည်။

ခေတ်အဆက်ဆက်လက်တွဲခဲ့ကြ

ထေရဝါဒအမာခံများဖြစ်ကြသော မြန်မာနှင့်သီဟိုဠ်နိုင်ငံတို့သည် အနော်ရထာခေတ် မတိုင်မီ နှစ်ပေါင်းထောင်ချီကာလကတည်းက အပြန်အလှန် ကူးလူးယှက်နွှယ် ဆက်သွယ်မှုများရှိခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာမှ မျက်မှောက်ခေတ်အထိ မြန်မာနှင့် သီဟိုဠ် (သီရိလင်္ကာ)တို့သည် အထူးသဖြင့် သာသနာရေးကိစ္စမှန်သမျှ  အမြဲလက်တွဲ၍ ဆောင်ရွက်ခဲ့ကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ “တပည့်ခံသည်၊ ဆရာလုပ်သည်”ဟု သဘောမထား၊ ပင်ရင်းမူလ ထေရဝါဒသာသနာတော် ရှင်သန်ပြန့်ပွားရေး၊ မြတ်စွာဘုရားရှင်၏ တရားတော်များ ထွန်းကား၍ သတ္တဝါအများချမ်းသာရေးကိုသာ ဦးတည်၍ ခေတ်အဆက်ဆက်လက်တွဲခဲ့ကြပါသည်။

ယခုအခါ မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာ၏ ရပ်တည်မှုမှာ လွန်စွာခိုင်မာလှပေသည်။ ကမ္ဘာသို့သာသနာမျိုးဆက်ဖြန့်ပွားနိုင်ရန် အဆင့်ဆင့်ဘက်စုံ ရပ်တည်နေပေသည်။ မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်ရေသောက်မြစ်ကြီးကား ကမ္ဘာသို့ မျိုးဆက်ဖြန့်ပွားပေးရန် အလွန်အင်အားပြည့်စုံသော အခြေအနေ၌ရှိနေပေသည်။ နှစ်ပေါင်းထောင်ချီ၍ လက်ဆင့်ကမ်း သယ်ဆောင်လာကြသော သာသနာ စောင့်မထေရ်ကြီး အဆက်ဆက်နှင့် သာသနာ ဒါယကာမင်းများ၊ ဒါယကာ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ခေတ်အဆက်ဆက် ဆရာ၊ ဒကာ လက်တွဲညီညာမှုကြောင့် ဖြစ်ပါသည်။

သဒ္ဓါတရားထက်သန်စွာ ပေးအပ်လှူဒါန်း

မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်း ပြသခြင်းအခမ်းအနားတွင်လည်း သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့်ပုဂ္ဂိုလ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာပုဂ္ဂိုလ်များ အပါအဝင် အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာရှင်၊ အလှူရှင် ၁၀၁ ဦးတို့ကလည်း စုစုပေါင်းငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ)ကို သဒ္ဓါတရားထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့ကြသည်။

“ဘုန်းကံနည်းသူတို့သည် သာသနာတော်ကို အနည်းငယ်မျှပင် ချီးမြှောက်ခွင့်မရကြကုန်၊ ဘုန်းကံ ရှိသူတို့သာလျှင်ရနိုင်ကုန်၏။ အဘယ်ကြောင့်ဆိုသော် သာသနာတော်သည် အတုမရှိ ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ သာသနာတော် ဖြစ်သောကြောင့်ပင်တည်း” ဟူသည့် ပေါရာဏ ဂါထာလာအတိုင်း အတုမရှိ ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်သာသနာတော်ကို ချီးမြှောက်ခဲ့ကြပါသော ဘုရားဒါယကာ၊ ဒါယိကာမများ၊ ငွေအား၊ လူအားဖြင့် ပါဝင်လှူဒါန်းခဲ့ကြသော စေတနာရှင် အလှူရှင်များအား ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုရပါ၏။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ကောင်းမှုကံစေတနာတို့ကြောင့် နိုင်ငံတော်ကြီး သာယာဝပြောပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါ၏။ ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသောဝ်။  ။

ကျမ်းကိုး

-ဓမ္မာစရိယ ဦးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ။