ထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ နယ်စပ်နှင့် တောင်တန်းဒေသသို့  သာသနာပြု ကြွရောက်မည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ  စာအောင်သံဃာတော်များက သြဝါဒခံယူပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း အမှူးပြုသော ပရိသတ်က ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုမာရက နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက် တော်မူကြမည့် စာအောင်သံဃာတော်များအား သြဝါဒကထာ မြွက်ကြားတော်မူသည်။

ယင်းနောက်ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ထေရဝါဒ ဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ အဖွဲ့ဝင်ဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါယာမသာရက အနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဧည့်ပရိသတ်တို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ထို့နောက် နယ်စပ်နှင့် တောင်တန်းဒေသသို့ ကြွရောက်တော်မူကြမည့် သံဃာတော်များအား အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ 

 

(သတင်းစဉ်)