ထီးချိုင့် ၁၂ ဧပြီ
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော အခြေခံ စားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန်နီတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် ပေးအပ်ခဲ့သည်။
အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁) ပိသာနှင့် ကြက်သွန်နီ(၁)ပိသာတို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်တို့ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာ၀န်ရှိသူများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်းမှူး၊ ဆယ်အိမ်မှူးများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အမှတ်(၃)ရပ်ကွက်ရှိ ဝိသာခါရပ်၊ မြို့မအရှေ့ရပ်၊ လက်ခုပ်ပင်ရပ်နှင့် သရက်မှော်ရပ်ရှိ အိမ်ထောင်စု (၁၉၅)စု လူဦးရေ(၇၅၁)ဦးတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)


