ထီးချိုင့် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီက ကွင်းကြီးကျေးရွာ တောင်သူဦးဌေးအောင် ၏ နေအိမ်တွင် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ EM ဘိုကာရှီ မြေဩဇာပြုလုပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းမှ ယခုအချိန်တွင် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများအပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်း မရှိစေရန် လယ်ယာကုန် ထုတ်လုပ်မှုစရိတ် လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ EM ဘိုကာရှီမြေဩဇာနှင့် EM (5) ဖျော်ရည်( ပိုးပြေးဆေး) လက်တွေ့ သရုပ်ပြဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
EM ဘိုကာရှီမြေဩဇာ တစ်ဧကစာအတွက် စပါးခွံ(၂)တောင်း၊ ဖွဲနု(၂)တောင်း၊ နွားချေးမြေဆွေး(၄) တောင်း၊ ပဲဖတ်(၁)ပိသာ၊ EM အပြင်း (၁၅၀)စီစီ၊ တင်လဲရည် (၁၅၀)စီစီ၊ ရေ(၁၈)လီတာတို့ပါဝင်ပြီး တောင် သူဦးဌေးအောင်၏ မိုးစပါးစိုက်ခင်း( ၃.၀၀)ဧကစာအတွက် လက်တွေ့ပြုလုပ်ပြသခဲ့ပြီး EM (5) ဖျော်ရည်ပြု လုပ်ရာတွင်လည်း EM အပြင်း (၁) လီတာ၊ အရက်ပြင်း(၁)လီတာ၊ ရှာလကာရည် (၁)လီတာ၊ တင့်လဲရည်(၁) လီတာ၊ ရေ(၆)လီတာတို့ဖြင့် EM(5)ဖျော်ရည် ( ပိုးပြေးဆေး) ပြုလုပ်ပြီး သရုပ်ပြပွဲသို့တက်ရောက်လာသော အကျိုးဆောင်တောင်သူများအား တစ်ဦးလျှင် (၅၀၀)စီစီနှုန်းဖြင့် ဝေငှခဲ့ ကြောင်းသိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြ ဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်ဆန်းနှင့် ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူ (၂၀) တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )


