ထီးချိုင့်၊  ၁၁   ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးခဲ့သည့် ပေါက်နက်ကျေးရွာ မြစိမ်းရောင် စီမံကိန်းမှ အတိုးရငွေ ၁၄၃ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း အရှည်ပေ ၈၂၀၀ ဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့်  ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်နက်ကျေးရွာ မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်အထိ အတိုးရရှိငွေမှာ ၂၈၆ သိန်းခန့်မှ အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း ၁၄၃ သိန်းဖြင့် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပဉ္စမနှစ်  စက်ဝန်းရောက်ရှိခဲ့ရာ ယခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၁၅၃ ဦးအတွက် ၃၄၈ ဒသမ ၅ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၄ ဦးအတွက် ၄၂ ဒသမ ၅ သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၄ ဦးအတွက် ၉ ဒသမ ၅ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ၁၆ ဦးအတွက် ၂၄ ဒသမ ၅ သိန်း၊ စုစုပေါင်း ၁၉၇ ဦးအတွက် ၄၂၅ သိန်းအား ထုတ်ချေးပြီးပြီဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

မွှေးကြူဇင်