ထီးချိုင့် ၂၂ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးမှ တာဝန်ရှိသူများသည် ပြည်သူများ အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ (၂) နာရီက ဆင်ဖြူဆိပ်ကျေးရွာအုပ်စု လင်းပိုင်တင်ကျေးရွာ စာသင်ကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

52508

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဘဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုရုံးတာဝန်ခံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းက ပြည်သူများအနေဖြင့် မိမိတို့လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အခါ မရှင်းလင်းသည်များကို  ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးနိုင်ကြောင်း၊ တစ်ခါတည်းပြီးပြတ်အောင် လုပ်ငန်းဆောင်ရွက်ပေးနိုင်လျှင် တစ်ခါတည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မပြီးသတ်နိုင်လျှင် ကျေးရွာတာဝန်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်တင်ပြပြီး လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

08472

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏ မြေဂရန်ကိစ္စရပ်များ၊ အခွန်ကိစ္စရပ်များ၊ မွေးဖွားခြင်း၊ သေဆုံးခြင်းအတွက် ပုံစံထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောလုပ်ငန်းများ၊ လျှပ်စစ်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှု စသည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှလည်း ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးများကို စစ်ဆေးကုသခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ပြန်/ဆက်)