ထီးချိုင့်၊ ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ပင်သာနည်းပညာပြန့်ပွားရေးစင်တာ အတွင်းရှိ မရသိမ်အုပ်စု၊ မရသိမ်ကျေးရွာရှိ တောင်သူဦးစိန်ဖေ၏ ကွင်းအမှတ်(၂၂၇၇) ဦးပိုင်အမှတ် (၁၃)တွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်းမြေပဲ မကွေး(၁၆) မျိုးစေ့ထုတ်ကွက် စိုက်ပျိုးခြင်း၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ပျိုးခြင်းအား စိုက်နည်းစနစ်မှန်ကန်ရေးအတွက် ညောင်ပင်သာ နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဒေါ်မြတ်နိုးဆွေနှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်း၊ ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားခြင်း၊ စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးရန် လိုကြောင်း၊ တောင်သူများအနေဖြင့် နည်းပညာများအခက်အခဲရှိပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)


