ထီးချိုင့် စက်တင်ဘာ ၁၃

              

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက်(၆၅) နှစ်အထက်နှင့်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများကို ယနေ့ နံနက်(၉)နာရီမှ စတင်ကာ ထီးချိုင့်မြို့ အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထီးချိုင့်မြို့နယ်တွင် စက်တင်ဘာလ (၄)ရက်မှစတင်၍ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရဟန်းသံဃာများ၊  အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၁၈)နှစ် အထက်ပြည်သူများကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့တွင် မောင်းကုန်းကျေးရွာ၊ ရေဝ၊ ကျောက်အိုက်၊ ကွင်းကြီး၊ ကြက်သွန်ခင်း၊ အောင်ဇေယျာရပ်ကွက်၊ ဝိသာခါရပ်ကွက်၊ စံပြရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ မြတောင်၊ ညောင်ပင်သာကျေးရွာ၊ ချိတ်သင်၊ ကမ်းနီ၊ အလယ်တော၊ တောမ၊ ဒိုးပင်၊ တည်တောကျေးရွာများရှိ ဒေသခံပြည်သူ ( ၅၃၅) ဦးနှင့် နီကယ်စက်ရုံဝန်ထမ်း (၂၀၀)  တို့အား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရပါသည်။

  

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရဲမှူးပြေဦး နှင့်တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

              

ရဲလင်းထွန်း ( ထီးချိုင့် )