ထီးလင်း ၂၄ ဇူလိုင်
ထီးလင်းမြို့နယ် ထီးလင်း-ဂန့်ဂေါကားလမ်း မြို့အဝင်နေရာတွင် ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်မော်ကွန်း စိုက်ထူနေမှုလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ထီးလင်းမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်မော်ကွန်းကို ချင်း-ဗမာချစ်ကြည်ရေး တည်တံ့ခိုင်မြဲစေရန်နှင့် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို တန်ဖိုးထားတတ်စေရန်အတွက် စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။
မော်ကွန်းကျောက်စာတိုင် စိုက်ထူခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၃ သိန်း ၅ သောင်းဖြင့် ဆောင်ရွက်ခြင်းပြီးဖြစ်ပြီး အလျား ၁၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၀ ပေဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


