ထီးလင်း၊ ၂၉ ဒီဇင်ဘာ

ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ မီးလန့်မှု၊ မတော်တဆ မီးလောင်မှုများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရာတွင် ထိရောက်စေရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိနေသည့်လူများ အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြခြင်းတို့ကို ဒီဇင်ဘာ ၂၈ ရက်က ထီးလင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် ဖိုးသဲကြီးလမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံ၌ ဆောက်လုပ်လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံများသည် Steel Structure များဖြစ်လာခြင်း၊ လမ်းကျဉ်းသည့်နေရာများတွင် မီးသတ်ယာဉ်များ နေရာယူ ငြှိမ်းသတ်နိုင်ရန်နှင့် ဝင်/ထွက်သွားလာနိုင်ရန် ခက်ခဲလာခြင်း၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ခြင်း၊ မီးလောင်ပြင် ရေပြတ်တောက်မှု မရှိစေရေးတို့အတွက် ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးက ပြောပြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုအား မြို့နယ် မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)