ထီးလင်း ၁၅ မတ်
ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)တွင် ယခုအခါ ပျိုးနုတ်ခြင်း၊ လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်း စသည့် နွေစပါးကောက်စိုက်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“တောင်သူ လယ်ယာလုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုရတယ်ဆိုတော့ သူ့ရာသီနဲ့သူ ရာသီသီးနှံတွေ ဥပမာ- ဆောင်းမြေပဲ၊ မိုးမြေပဲ၊ ဆောင်းနေကြာ စတာတွေ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ဖို့၊ နောက်ပြီး နွေစပါးလဲပဲ တစ်နှစ်ထက်တစ်နှစ် အထွက်တိုးနှုန်း ပိုမိုရရှိဖို့အတွက် ဝီရိယစိုက်ပြီး လုပ်ရတာပါ။ ဒါမှလဲ မိသားစု စားဝတ်နေရေးက ချောင်လည်တာပေါ့” ဟု နွေစပါးစိုက်ပျိုးရန် ကျွဲများဖြင့် လယ်ထွန်နေသည့် တောင်သူ ဦးကြီးတစ်ဦးက ပြောသည်။
ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)ရှိ နွေစပါး စိုက်ဧက (၆၉၁)ဧကတွင် တောင်သူ (၆၀၀)ကျော်တို့က နွေစပါး စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)


