ထီးလင်း ၂၁ နိုဝင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားကို ယခု ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၄၃ ဒသမ ၈၀ဝ ဖြင့် ကျေးရွာနှစ်ရွာတွင် ဆောင်ရွက် ပေးမည်ဖြစ်၍ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ထန်းပင်ကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၃ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် အလျား ၁၅ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၆ ပေ ရှိကွန်ကရစ် တံတားတည်ဆောက်ခြင်း၊ သရခါကျေးရွာတွင် အရှည် ၃ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောသည်။
အဆိုပါ ကျေးရွာနှစ်ရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လယ်မြေ ၂၇၂ ဧက ထွက်ရှိလာသော လယ်ယာ ထွက်ကုန် စိုက်ပျိုးသီးနှံများ အလြယ္တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ၂၆၆ အိမ်မှ လူဦးရေ ၁၃၇၇ ဦးတို့ အကျိုးခံစား ရမည်ဖြစ်ကြောင်း သိရသည်။
အေလေးငယ်


