ထီးလင်း   ၁၈    ဇွန်      

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် လက်ပန်ကျေးရွာတွင် မိုးရာသီကာလ ကျေးရွာတွင်း ရေစီး ရေလာကောင်းမွန်ရေးအတွက် တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ကျေးရွာတွင်း ကျောက်စီရေ မြောင်းတည်ဆောက်ပြီးစီးမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက ထီးလင်းမြို့နယ် စာရင်းစစ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာရင်းစစ်ဦးစီးမှူး ဒေါ်သန်းမြင့်နှင့် တာဝန်ရှိသူများအဖွဲ့သည် ကျေးရွာလူထုဗဟိုပြု စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ တတိယနှစ် စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မိုးရာသီကာလ ကျေးရွာတွင်း ရေစီးရေလာကောင်းမွန်ရေး အရှည်ပေ ၄၆၆၂ ပေ အကျယ် ၁ ပေ၊ အနက် ၁ ပေ ၆ လက်မ ကျောက်စီရေမြောင်း တူးဖော် ဆောင်ရွက်ခြင်းနှင့် အလျားပေ ၂၀၊ အနံ ၂ ပေ ၊ အထူ ၅ လက်မရှိ သံကူကွန်ကရစ် ရေမြောင်းအဖုံး(၁၆)ခု ဆောင်ရွက်ပြီး စီးမှု အခြေအနေများအား လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ၊ ငွေကြေးပိုင်းဆိုင်ရာအသုံးပြုမှုနှင့် စာရင်းဇယားများ မှန်ကန်မှု ရှိ/ မရှိ တို့ကို တိုင်းတာစစ်ဆေးခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် စီမံကိန်း လုပ်ငန်းများအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ထီးလင်းမြို့နယ် လက်ပန်ကျေးရွာသည် အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၂၇၀ ကျော်ခန့်ရှိကြောင်း သိရပြီး ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း၊ မိုးရာသီကာလများတွင် ကျေးရွာတွင်းလမ်းများ မိုးရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ကာ သွားလာရေးအဆင်မပြေမှုများနှင့် ကြုံတွေ့ နေရကြောင်း သိရ၍ ကျေးရွာတွင်းလမ်းများ မိုးရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် ၂၃၁၂၂၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာစီမံကိန်းကော်မတီမှ ဦးဆောင်ကာ ကျောက်စီရေမြောင်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )