ထီးလင်း ၁၈ အောက်တိုဘာ
ဒေသတွင်း ဆီထွက်သီးနှံစားသုံးမှု ဖူလုံစေရေးနှင့်တောင်သူများ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး သက်သာချောင်လည်စေရေးတို့အတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို စိုက်ပျိုးလျက်ရှိကြရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထလင်းကျေးရွာ တောင်သူ ဦးစိန်မောင်၏ စိုက်ခင်းတွင် ဆောင်းမြေပဲများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။
ယင်းသို့အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ “ ကျွန်တော်တို့က မြေပဲကို မိုးမြေပဲ နှင့် ဆောင်းမြေပဲ ဆိုပြီး တစ်နှစ်မှာ နှစ်သီးစား စိုက်ပါတယ်။ မိုးမြေပဲကို မေလ ၁၅ ရက်ကနေ ဇွန်လမှာ စိုက်ပျိုးပြီး ဆောင်းမြေပဲကိုတော့ စက်တင်ဘာလ ၁၅ ရက်ကနေ အောက်တိုဘာလ အတွင်းမှာ စိုက်ပျိုးပါတယ်။ ပေါင်းမြက်ကတော့ (၃) ကြိမ်လောက် ရှင်းပေးရပါတယ်။ စိုက်ဧက ကတော့ ( ဝ ဒဿမ ၈၀ )ဧက လောက်ပဲရှိပါတယ်။ စိုက်ပြီးတာနဲ သက်တမ်း(၄)လလောက် ဆိုရင် နုတ်ယူခြွသေိမ်းလို့ ရပါတယ်” ဟူ၍ ဆောင်းမြေပဲ စိုက်ပျိုးသူ တောင်သူ ဦးစိန်မောင်က ပြောပြသည်။
ထီးလင်းမြို့နယ်တွင် ဆင်းပဒေသာ(၁၁)မြေပဲမျိုးကို အများဆုံး စိုက်ပျိုးကြကာ အထွက်နှုန်းကောင်းပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသော မကွေး(၁၆) မြေပဲမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဆင်းပဒေသာ(၁၁)မြေပဲမျိုးမှာ တစ်ဧကလျှင် အထွက်နှုန်း(၇၀)တင်း နှင့် မကွေး(၁၆)မြေပဲမျိုးမှာ တစ်ဧကလျှင် အထွက်နှုန်း တင်း(၈၀)ခန့် ထွက်ရှိကြောင်း၊ မြို့နယ် အတွင်း မြေပဲ စုစုပေါင်း စိုက်ဧက ၃၂၃၇ ဧက ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


