ထီးလင်း၊ ၁၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား တည်ဆောက်ခြင်း၊ သောက်သုံး/စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းပင်ကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်တစ်မိုင် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မရှိ မြေနီကျောက်စရစ်လမ်းဖြစ်ကာ ယခုအခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး အဆိုပါကျေးလက် ကုန်ထုတ်လမ်းပေါ်တွင် အလျား ၁၅ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၆ ပေရှိ ကွန်ကရစ်တံတားမှာ တည်ဆောက်ဆဲဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၆ ဒဿမ ၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းကို ကျေးရွာခုနစ်ရွာတွင်လည်းကောင်း၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာနှစ်ရွာတွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


