ထီးလင်း ၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွက် Lesswalk.org မှ လှူဒါန်းသော စက်ဘီးများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထီးလင်းမြို့ အ.ထ.က(အောင်သပြေ)ခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာများ၊ ယောလူငယ် အဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ယောလူငယ်အဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အ.ထ.က-ထီးလင်း(၄၉)စီး၊ အ.ထ.က-ကျင်း (၄၈)စီး၊ အ.ထ.က-ဆင်စွယ်(၅၃)စီး နှင့် အ.ထ.က-ရေမျက်နီ(၄၁)စီး၊ စုစုပေါင်း စက်ဘီး (၁၉၁)စီး ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ လည်းကောင်း၊ စက်ဘီးများ သယ်ယူ ပို့ဆောင်ရေးအတွက် ငွေကြေး ပါဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာကျောင်းများ (ကိုယ်စား)အ.ထ.က-ထီးလင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။
ကျွန်တော်တို့အနေနဲ့ ယောဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေဘေး၊ မီးဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆက်သွယ်ဆောင်ရွက် ပေးပါတယ်။အခုလည်း စက်ဘီးမရသေးတဲ့ကျောင်းတွေအတွက် နောက် နောင်အပတ်များမှာ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ ယောလူငယ်အဖွဲ့ကို ပူးပေါင်းပါဝင် အားပေးဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ဟူ၍ ယောလူငယ်အဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


