ထီးလင်း ၁၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် မြို့နယ်ကျေးလက်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၃ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ဝေထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ဝေထွန်းသည် ထီးလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများအဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဌာနခွင့်ပြုရန်ပုံငွေကျပ် ၈၁ ဒသမ ၉ သန်းဖြင့် တင်ဒါရရှိသည့် တိုးတက်မြစ်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် အလျား ၅၄ ပေ ၊ အနံ ၂၄ ပေ ၊ အမြင့် ၂၄ ပေရှိ သံကူကွန်ကရစ် နှစ်ခန်းတွဲ နှစ်ထပ် တည်ဆောက်နေမှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအဖွဲ့သည် ထီးလင်းမြို့နယ် ထလင်းကျေးရွာတွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ပြီးစီးမှုအား လည်းကောင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၉ သန်းဖြင့် သာထွန်းမြတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းအရှည်ပေ ၁ မိုင် ၊ ၆ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၁ ပေ ၉ လက်မ ၊ စုစုပေါင်း အရှည်ပေ ၂၀ ရှိ ကွန်ကရစ်ရေပြွန် ၄ ခု ပါဝင်သော ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အား လည်းကောင်း ၊ ထီးလင်းမြို့နယ် သရခါကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၁၆ သိန်းဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် အလျား ၁၂ ပေ ၊ အနံ ၅ ပေ ၊ အမြင့် ၉ ပေ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်ခိုင်ခန့် ကောင်းမွန်စေ ရေးအတွက် အရည်အသွေးပြည့်မီအောင် အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး