ထီးလင်း ၁၉ စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သားလုလင်ကျေးရွာနှင့် သာလာကျေးရွာများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး(NEP) စီမံကိန်း ICB-3ဖြင့် တစ်အိမ်သုံးဆိုလာစနစ်မီးရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

8

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် သားလုလင် ကျေးရွာနှင့်သာလာကျေးရွာများ၌ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး(NEP)စီမံကိန်းICB-3 ဖြင့် တစ်အိမ်သုံး ဆိုလာစနစ်မီးရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လက်ရှိအချိန် ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာနှင့် ဆက်စပ်ပစ္စည်းများ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တွင်ရောက်ရှိနေပြီဖြစ်သဖြင့် မကြာမီ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် တစ်အိမ်သုံးဆိုလာများမှာ ၆၀ ဝပ်နှင့် ၁၀ဝ ဝပ်ဟူ၍  နှစ်မျိုးရှိပြီး မိမိတို့ အိမ်များတွင် သုံးစွဲရန်ယူသည့် ဝပ်အလိုက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာ စနစ် ၆၀ ဝပ်တစ်ချပ်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင်တစ်စုံလျှင် ငွေကျပ် ငါးသောင်း၊ ၁၀ဝ ဝပ်အတွက် ငွေကျပ် တစ်သိန်းခွဲကို ပြည်သူထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပြီး  ကျေးရွာအိမ်ခြေ၏ ၃၀ ရာခိုင်နှုန်း အထက် ဆိုလာစနစ်ကို တပ်ဆင်အသုံးပြုပါက အများပြည်သူပိုင်နေရာများဖြစ်သည့် လမ်းမီး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အအုံများကို အခမဲ့တပ်ဆင်ပေးသွားဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းဌေး(ခရိုင်ကျေးလက်)