ထီးလင်း၊ ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ထီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်တင်သူဇာအောင် ဦးဆောင်ကြီးကြပ်လျက် ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ကာကွယ်ဆေးမထိုးမီ တစ်ဦးချင်း သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၇၀ တို့အား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်နှင့် တစ်ကြိမ် ရက်သတ္တ လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန် လိုအပ်ကြောင်းနှင့် အဆိုပါကာကွယ်ဆေး တစ်လုံးကို လူ ၁၀ ဦး ထိုးနှံပေးနိုင်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


